
ကျော်လင်း/ဧရာဝတီတိုင်းမ်
(ဖျာပုံ) ဇူလိုင် ၂ ရက်
ဧရာဝတီတိုင်း၊ ဘိုကလေးမြို့တွင် စစ်ကောင်စီကဖမ်း ဆီးထားသည့် ကုလသမဂ္ဂစားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO) ဝန်ထမ်း ကိုအောင်မျိုးသန့်ကို ဖျာပုံထောင်သို့ ပို့ဆောင်ပြီး ပုဒ်မ ၅၀၅ (က) ဖြင့်အမှုဖွင့်ထားကြောင်း အကျဥ်းထောင်နှင့်နီးစပ်သည့်အသိုင်းအဝိုင်းထံကသိရသည်။
၄င်း UNဝန်ထမ်းသည်ဇွန်လ ၃ ရက်နေ့ကဘိုကလေး မြို့တည်းခိုခန်းတခုတွင် စစ်ကောင်စီတပ်က ဧည့်စာရင်းစစ်ဆေးစဥ်ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ပြီး ၄င်း၏လက်ကိုင်ဖုန်းအတွင်းမှ နိုင်ငံရေးနှင့်ပတ်သက်သည့်စာများ လူမှုကွန် ရက်ပေါ် ရှဲလ်ထားသည်ဟုဆိုကာ ယခုကဲ့သို့ ပုဒ်မ ၅၀၅ က ဖြင့်အမှုဖွင့်ခံရခြင်းဖြစ်ကြောင်း သိရသည်။
“သူက နေပြည်တော် FAO ရုံးချုပ်ကလာတာ။ FAO ကစိုက်ပျိုးရေးနဲ့ ပတ်သက်ပြီး Training ပေးမယ့် ဆရာတဦးလည်းဖြစ်တယ်။ ကိုအောင်မျိုးသန့်ကိုဘိုကလေးမြို့ နယ်မှာ စိုက်ပျိုးရေးနည်းပညာပိုင်းဆိုင်ရာ အကူအညီပေးဖို့ ရုံးချုပ်က လွှတ်လိုက်တာ။ တယောက်ထဲသမားဆိုတော့ တည်းခိုခန်းမှာလပေးစနစ်နဲ့နေတာ၊ တလလောက်ပဲရှိသေးတယ်။ အဲ့ဒါဧည့်စာရင်းစစ်ပြီးဖမ်းခံရပြီး ဖုန်းထဲမှာနိုင်ငံရေးပိုစ့်တွေတွေ့လို့ဆိုပြီး ထောင်ပို့ပြီး ၅၀၅ ကပ်ခံထားရတယ် “ဟု ၄င်းနှင့်နီးစပ်သူ ဘိုကလေးဒေသခံတဦးကဧရာဝတီတိုင်းမ် ကိုပြောသည်။
ကုလသမဂ္ဂ လက်အောက်ခံ ကမ္ဘာ့စားနပ်ရိက္ခာ နဲ့ စိုက် ပျိုးရေး အဖွဲ့ (FAO)ဝန်ထမ်း ဖမ်းဆီးခံရမှုနှင့်ပတ်သက်ပြီး UN အဖွဲ့အစည်း ဌာန အနေနှင့် တစုံတရာအားစိုက်ကူညီဆောင်ရွက်ပေးတာ မတွေ့ရဘူးဟု ၎င်းက ဆက် လက်ပြောသည်။
ကိုအောင်မျိုးသန့်အမှုဖွင့်ခံထားရသည့် ပုဒ်မ-၅၀၅ (က) အမှုအား ဖျာပုံထောင်တွင်းတရားရုံးက ဇူလိုင်လ ၄ ရက်နေ့တွင် စတင်စစ်ဆေးမည်ဖြစ်ကြောင်း ဖျာပုံထောင်နှင့်နီးစပ်သူများထံကသိရသည်။
စစ်အာဏာသိမ်းပြီးနောက် UN ဝန်ထမ်းများ ဖမ်းဆီးသတ်ဖြတ်ခံရမှုများရှိနေပြီး ကရင်နီပြည်နယ်အတွင်း Save the Children မှ ဝန်ထမ်း ၂ ဦး၊ WHO မော်လမြိုင်ရုံးခွဲမှဝန်ထမ်းတို့ သတ်ဖြတ်ခံခဲ့ရပြီး ယခုလက်ရှိတွင် စစ်ကောင်စီက UN ဝန်ထမ်းနောက်တဦးဖြစ်သူ ကိုအောင်မျိုးသန့် ကိုဖမ်းဆီးတရားစွဲဆိုထားခြင်းဖြစ်ကြောင်းသိရသည်။