လူမှုကွန်ရက်အသုံးပြုသူ လူငယ်များအကြား နာမည်ကြီးနေတဲ့ ကဗျာဆရာကြည်ဇော်အေး ယနေ့ကွယ်လွန်

ဧရာဝတီတိုင်းမ်

အောက်တိုဘာလ ၃ ရက်

လူမှုကွန်ရက်အသုံးပြုသူ လူငယ်များအကြား နာမည်ကြီးနေတဲ့ ကဗျာဆရာကြည်ဇော်အေးမှာ ယနေ့ မနက် ၈ နာရီ ၁၅ မိနစ်အချိန်က ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ ကွယ်လွန်သွားတယ်လို​့ သိရပါတယ်။

အသက် ၄၄ နှစ်အရွယ် ကဗျာဆရာကြည်ဇော်အေးဟာ ယနေ့ မနက် ၁ နာရီအချိန်မှာ ရုတ်တရက် သတိလစ်ရာကနေ ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ တက်ရောက်ကုသမှုခံယူနေစဥ် ယနေ့မနက်ပိုင်းမှာ ကွယ်လွန်သွားတာလို့ သူ့ရဲ့မိသားစုနဲ့ နီးစပ်သူတစ်ဦးထံက သိရပါတယ်။

”ဒီမနက်ပဲကွယ်လွန်တာပါ။နှမြောဖို့ကောင်းတယ်ပိုစ့်မော်ဒန်ကဗျာလောကအတွက်ကြီးမားတဲ့ဆုံးရှုံးမှုပါပဲ” ဟု ကဗျာဆရာတိုးနှောင်မိုးက ဧရာဝတီတိုင်းမ်းကိုပြောပါတယ်။

သူ့ရဲ့ရုပ်အလောင်းကို ရေခဲတိုက်သို့ပို့ဆောင်ထားပြီး မနက်ဖြန်မှာ ကိုဗစ်ပိုးရှိ၊ မရှိ စစ်ဆေးပြီးချိန်၌ စျာပနအခမ်းအနားပြုလုပ်သွားမယ်လို့ သူ့ရဲ့မိသားစုက လူမှုကွန်ရက်စာနှာမှာ ရေးသားဖော်ပြထားပါတယ်။

“ကိုကြည်ဇော်အေးကို ရေခဲတိုက်ထဲမှာ ထားလိုက်ပါပြီ။ မနက်ဖြန်မနက် ၉နာရီမှာ ကိုဗစ်အဖြေထွက်ပါမယ်။ Negative ဖြစ်ရင် ကိုယ့်ဘက်က သဂြိုလ်လို့ ရပါတယ်။ Positive ဖြစ်ရင်တော့ ဆေးရုံဘက်က သဂြိုလ်ပါလိမ့်မယ်” လို့ သူ့ရဲ့မိသားစုက လူမှုကွန်ရက်စာနှာမှာ ရေးသားဖော်ပြထားပါတယ်။

စစ်ကိုင်းတိုင်း၊ မုံရွာဇာတိဖြစ်သူ ကဗျာဆရာကြည်ဇော်အေးဟာ သူ့ရဲ့ ပထမဆုံးကဗျာစာအုပ်ကအဖြစ် ” ရိုးရိုးသားသားသစ်သီး” ဆိုတဲ့ကဗျာစာအုပ်ကိုထုတ်ဝေခဲ့ပြီး ၂၀၁၃ခုနှစ်မှာ ”နှစ်ငါးဆယ်” ဆိုတဲ့ ကဗျာနဲ့ ပျဥ်းမနားအလယ်ရိုးမကဗျာဆုကိုရရှိခဲ့ကာ မကွယ်လွန်မီနောက်ဆုံးရေးသားခဲ့တဲ့ကဗျာဟာ “လာမယ့်ဆောင်းရာသီ” ဖြစ်ပါတယ်။

၂၀၀၀ ခုနှစ်ကတည်းက ကဗျာဆရာဘဝကို စတင်ခဲ့တဲ့ ဆရာကြည်ဇော်အေးဟာ လက်ရှိ ဆိုရှယ်မီဒီယာခေတ်မှာတော့ ထိမိလှတဲ့သူ့ရဲ့အရေးအသားတွေကြောင့် လူငယ်ပရိတ်သတ်တွေအကြား ထင်ရှားလှတဲ့ ကဗျာဆရာတစ်ဦးဖြစ်ပါတယ်။

#Ayeyarwaddy_Times