
ယာဉ်စည်းကမ်းအကြောင်းပြပြီး တရားဝင်ဓားပြတိုက်နေကြတာလား (သတင်းဆောင်းပါး)
မင်းခ/ဧရာဝတီတိုင်းမ်
အောက်တိုဘာလ ၁ ရက်
အာဏာသိမ်းစစ်ကောင်စီလက်အောက်မှာရှိတဲ့ စစ်တပ်၊ ရဲ၊ ယာဉ်ထိန်း၊ ထွေအုပ်အပါအဝင် ဌာနဆိုင်ရာတွေက ဧရာဝတီတိုင်းအတွင်းက မြို့နယ်အများအပြားမှာ စက်တင်ဘာလ ၂၀ ရက်နေ့ကစတင်ပြီး ပြည်သူတွေ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းလိုက်နာရေးခေါင်းစဉ်နဲ့ ဒေသခံတွေရဲ့ ကား၊ ဆိုင်ကယ်နဲ့ စက်ဘီး၊ ဆိုက္ကားပါမကျန် တွေကို ဖမ်းဆီးစစ်ဆေးတာတွေ ပြုလုပ်ခဲ့ပါတယ်။
ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းခေါင်းစဉ်နဲ့ ဖမ်းဆီးအရေးယူတာက ယခင်အရပ်သားအစိုးရတွေ လက်ထက်မှာလည်း ဌာနဆိုင်ရာတွေ ဟန်ရေးပြ လုပ်လေ့ရှိတဲ့ လုပ်ငန်းစဉ်တစ်ခုမို့ မထူးဆန်းသော်လည်း စစ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်း ဒီတကြိမ်ပြုလုပ်တဲ့ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းစီမံချက်ကတော့ အရမ်းဆိုးရွားတယ်လို့ ဧရာဝတီတိုင်းက ဒေသခံတွေက ဝေဖန်ပြောဆိုကြပါတယ်။
ဘာကြောင့်လဲဆိုတော့ စစ်ကောင်စီလက်အောက်က ဌာနဆိုင်ရာတွေဟာ လမ်းမပေါ်တက်လာတဲ့ ဆိုင်ကယ်ဟူသမျှကို တားဆီးပြီး ပထမဆုံး ဆိုင်ကယ်ဦးထုပ်ဆောင်းမဆောင်း၊ ဆိုင်ကယ်လိုင်စင်၊ ယာဉ်မောင်းလိုင်စင်ရှိမရှိ စစ်ပါတယ်။ ဧရာဝတီတိုင်းမှာ ဆိုင်ကယ်လိုင်စင်တွေ ရှိကြသော်လည်း အများ အားဖြင့် ယာဉ်မောင်းလိုင်စင်တွေ မရှိကြတဲ့အတွက် မောင်းလိုင်စင်မရှိသူတွေ အဖမ်းခံရပြီး ဒဏ်ငွေ ဆောင်ရပါတယ်။
အပေါ်ကအချက်တွေ ပြည့်စုံနေရင် နောက်ကြည့်မှန်ပါမပါ၊ ပါဝါအိတ်ဇောတပ်မတပ်၊ ဆိုင်ကယ်မှာပါသင်တဲ့ ပစ္စည်းတွေ ပါမပါ အသေးစိတ်စစ်ဆေးပြီး တစ်ခုခု ချို့ယွင်းနေတာနဲ့ ဖမ်းပြီးဒဏ်ရိုက်တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
လိုင်စင်တွေလည်း အကုန်ပါ၊ ဆိုင်ကယ်မှာ ပါသင့်တဲ့ပစ္စည်းတွေလည်း အကုန်ပြည့်စုံနေပြီး အပြစ်ရှာ မရတော့ဘူးဆိုရင် ဆိုင်ကယ်ကို ရေမဆေးလို့၊ အမျိုးသားတွေ ဆိုင်ကယ်မောင်းစဉ် အောက်ခံဘောင်းဘီ မပါလို့၊ အမျိုးသမီးတချို့ဆို အတွင်းခံဘော်လီမဝတ်လို့ စတဲ့ခေါင်းစဉ်မျိုးစုံနဲ့ အပြစ်ရှာဖမ်းဆီးတာတွေ လုပ်နေတယ်လို့ ဧရာဝတီတိုင်းက ဒေသခံတွေက ပြောပါတယ်။
“ကျွန်တော်တို့ မြန်အောင်မြို့နယ်က ရွာတစ်ရွာကအမျိုးသမီး မြို့ပေါ်ဆိုင်ကယ်နဲ့တက်လာတာ။ လမ်းမှာ ယာဉ်စည်းကမ်းအဖွဲ့က မြို့အဝင်မှာ ဂိတ်ချပြီးစစ်တော့ အဲဒီအမကြီးက ဆိုင်ကယ်ဦးထုပ်လည်း ဆောင်းတယ်။ ဆိုင်ကယ်လိုင်စင်၊ ယာဉ်မောင်းလိုင်စင်အကုန်ပါတယ်။ ဆိုင်ကယ်ကလည်း သတ်မှတ်ပစ္စည်း အကုန်စုံတယ်။ အဲဒါကို အပြစ်ရှာမရတော့ အတွင်းခံဘော်လီ မဝတ်လို့ဆိုပြီး ငေါက်ငမ်းပြီးတော့မှ ဒဏ်ငွေ ၁ သောင်းရိုက်လို့ ငွေပေးလိုက်ရတယ်”လို့ မြန်အောင်မြို့မှ အမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
မြန်အောင်မြို့နယ်မှာ ဆိုင်ကယ်မောင်းစဉ် အတွင်းခံဘော်လီမဝတ်လို့ ဒဏ်ငွေအရိုက်ခံရသလို အောက်ခံဘောင်းဘီမဝတ်မိလို့ ဒဏ်ငွေဆောင်ခဲ့ရသူတွေလည်း ရှိနေကြောင်း သိရပါတယ်။
“တကယ်ဖမ်းတာပါဗျာ။ ကျွန်တော်တို့အိမ်ဘေးက ဦးလေးကြီး ဆိုင်ကယ်မောင်းချိန် အတွင်းခံမဝတ်လို့ဆိုပြီး ဒဏ်ငွေ ၂ သောင်း ရိုက်လိုက်တယ်။ မြန်အောင်မြို့ အမှတ် ၅ ရပ်ကွက်က”လို့ မြန်အောင်ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။
ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့မှာဆိုရင်လည်း ဆိုင်ကယ်ဦးထုပ်မဆောင်းမိတဲ့ အမျိုးသားတစ်ဦးကို စစ်ကောင်စီ လက်အောက်က ဌာနဆိုင်ရာတွေက တရားခံဖမ်းသလို ဈေးထဲအထိ သည်းကြီးမည်းကြီး လိုက်လံဖမ်းဆီးပြီး ရဲစခန်းခေါ်သွားကာ ဒဏ်ငွေ ၂ သောင်း ရိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ကျွန်မတို့မြို့ကလူတွေက ဟိုနားဒီနား ဈေးဝယ်တာ၊ ဈေးနဲ့နီးလို့ ဦးထုပ်မဆောင်းဘဲ မောင်းလာတဲ့သူတွေကို မှတ်ထားပြီး ဈေးထဲက ချောင်ကြိုချောင်ကြားအထိ လိုက်ဖမ်းတာ။ ဒီမနက်ကဆို လူတယောက်ကို ဈေးထဲအထိ ဝင်ဖမ်းပြီး လက်မောင်းကနေဆွဲခေါ်သွားတယ်။ ရဲစခန်းခေါ်သွားပြီး ဟိုရောက်တော့ ဒဏ်ငွေ ၃ သောင်း ဆောင်ခိုင်းပြီးမှ ပြန်လွှတ်ပေးလိုက်တယ်။
ဆိုင်ကယ်ဦးထုပ်မဆောင်းတာကို ဖမ်းတာက သူခိုးလိုက်ဖမ်းသလိုကို လုပ်နေတာ”လို့ ကျောင်းကုန်းမြို့ခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။
ဖမ်းဆီးခံရသူတွေဟာ အမှုအပေါ်မူတည်ပြီး ဒဏ်ငွေ ၂ သောင်းကနေ ၁ သိန်းအထိ ပေးဆောင်နေရတယ်လို့ သိရပါတယ်။ ယခင်က ကား၊ ဆိုင်ကယ်ဖမ်းရင် မြို့ပေါ်လောက်ပဲ အချိန်ပိုင်းနဲ့ ဖမ်းလေ့ရှိပေမယ့် အခုအခါမှာတော့ စစ်ကောင်စီလက်အောက်က ဌာနဆိုင်ရာတွေဟာ မြို့ပေါ်သာမက ကျေးလက်တောရွာက မြို့ပေါ်တက်တဲ့ အစွန်အဖျားလမ်းတွေအထိပါ ဆင်းဖမ်းနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
“ပုသိမ်မှာတော့ နေ့တိုင်းဖမ်းနေတာပဲ။ လိုင်စင်မပါ ၃ သောင်း။ ကျန်တာ ၂ သောင်း။ ချလန်ဖြတ်ပေးတယ်။ စီမံချက်နဲ့ဖမ်းနေတာ။ တနေ့ကို အဖမ်းခံရတာမနည်းဘူး။ တခါတလေ တနေ့ထဲ ဆိုင်ကယ်ရာဂဏန်း လောက်အထိ အဖမ်းခံရတယ်”လို့ ပုသိမ်မြို့ခံအမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
အခုလိုမျိုး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအကြောင်းပြပြီး ဖမ်းနေတာဟာ ဒေသခံတွေကို စည်းကမ်း လိုက်နာစေချင်တာမဟုတ်ဘဲ စစ်ကောင်စီအတွက် အခွန်ငွေလိုအပ်နေလို့ ဆိုင်ကယ်တွေ အပြစ်ရှာဖမ်းပြီး အခွန်ရှာနေတာလို့ ဒေသခံတွေက သုံးသပ်ပြောဆိုကြပါတယ်။
“နေ့တိုင်း ဆိုင်ကယ် ၃၅ စီးဖမ်းပေးရမယ်။ ပြစ်ချက်မရှိ ပြစ်ချက်ရှာပြီး ဖမ်းနေတာ။ ဦးထုပ်မဆောင်းလို့ ဆိုပြီး ဖမ်းတယ်။ ဦးထုပ်ပါလည်း အရည်အသွေးမပြည့်မီလိုနဲ့ ဖမ်းပြန်တယ်။ တချို့ကျ ဆိုင်ကယ်လိုင်စင်မရှိလို့၊ ယာဉ်မောင်းလိုင်စင် သက်တမ်းကုန်လို့ စသဖြင့် အကြောင်းပြချက်အမျိုးမျိုးနဲ့ကို ဖမ်းနေတော့တာ။ နောက်ဆို ဆိုင်ကယ်စီးလို့ဆိုပြီးတောင် ဖမ်းမလား မသိဘူး”လို့ ဆိုင်ကယ်နဲ့သွားလာနေတဲ့ ပုသိမ်မြို့ခံအမျိုးသားတစ်ဦးက ပြောပါတယ်။
ဆိုင်ကယ်တွေကို အပြစ်ရှာဖမ်းဆီးနေတာ ၁ ပတ်ကျော်ကြာလာတဲ့အချိန်မှာတော့ စစ်ကောင်စီ လက်အောက်က ဌာနဆိုင်ရာတွေဟာ ဆိုင်ကယ်သာမက စက်ဘီးနဲ့ အနှေးယာဉ်ဆိုက္ကားတွေကိုပါ အပြစ်ရှာဖမ်းဆီးမှုတွေ ပြုလုပ်ခဲ့ပါတယ်။
ဟင်္သာတမြို့နယ်မှာဆိုရင် စက်ဘီးနဲ့ ဆိုက္ကားတွေမှာ ဘဲလ်ပါသလား၊ ရောင်ပြန်တပ်သလား အသေးစိတ် စစ်ဆေးပြီး ဘဲလ်မပါ၊ ရောင်ပြန်မပါရင် ဖမ်းဆီးဒဏ်ရိုက်တာတွေ လုပ်ဆောင်နေကြောင်း သိရပါတယ်။
“ဟင်္သာတမှာ ဘဲလ်မရှိတဲ့ စက်ဘီးနဲ့ ဆိုက္ကားတွေကို ဖမ်းနေတယ်။ နောက်ဘီးမှာ ရောင်ပြန်မပါရင်လည်း ဖမ်းတယ်။ ဆိုက္ကားတွေဆိုလည်း တချိူ့ကိုလည်း ဆိုက္ကားအင်္ဂါရပ်နဲ့မညီလို့ဆိုပြီး ဖမ်းတယ်။ ဖမ်းချင်တိုင်းကို ဖမ်းကြတယ်။ အရင်က ဆိုင်ကယ်တွေဖမ်းတော့ ဆိုင်ကယ်တွေကုန်တော့ စက်ဘီးတွေဘက်လှည့်လာပြီ”လို့ ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။
ဧရာဝတီတိုင်းအတွင်းက မြို့နယ်အများစုမှာအလားတူဖမ်းဆီးမှုတွေကို စီမံချက်နဲ့လုပ်ဆောင်နေတာလို့ စစ်ကောင်စီဘက်ကလည်း တရားဝင်သတင်းထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီလက်အောက်က ဌာနဆိုင်ရာတွေရဲ့ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းစီမံချက်က ပြည်သူတွေကို စည်းကမ်းလိုက်နာစေဖို့အတွက် လုပ်နေတာနဲ့မတူဘဲ လမ်းမပေါ်မှာ ပြည်သူတွေကို တရားဝင် ဓားပြတိုက်သလို ဖြစ်နေတယ်လို့ ဧရာဝတီတိုင်းက ဒေသခံတွေက ဝေဖန်ပြောဆိုကြပါတယ်။
“အခုက ယာဉ်စည်းကမ်းလုပ်နေတာနဲ့ မတူဘူး။ လမ်းမပေါ်မှာ ပြည်သူတွေကို တရားဝင် ဓားပြတိုက်နေသလို ဖြစ်နေတယ်။ သူတို့ (စစ်ကောင်စီ) အခွန်တွေကောက်တာ မရတော့ ပြည်သူကို ရတဲ့နည်းနဲ့ ငွေညှစ်တာလို့ ထင်တယ်”ဟု မြန်အောင်မြို့နယ်မှ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။
စစ်ကောင်စီရဲ့ အကြောင်းမရှိအကြောင်းရှာ ဖမ်းဆီးဒဏ်ရိုက်မှုတွေကြောင့် ဧရာဝတီတိုင်းက ဒေသခံတွေဟာ ဆိုင်ကယ်စီးပြီး အိမ်အပြင်ထွက်ဖို့တောင် စိုးရိမ်ကြောက်ရွံ့နေရကြောင်း သိရပါတယ်။
“အရင်ခေတ်အဆက်ဆက် ဒီလိုပဲလုပ်စားနေကြလေ။ အခုလောက်တော့ မဆိုးဘူးပေါ့။ အခုက အပြစ်မရှိ အပြစ်ရှာပြီး ပိုက်ဆံတောင်းနေတာ။ အရင်ကသူတို့သတ်မှတ်ထားတာ မပြည့်မှီလို့ဖမ်းတာ။ ခုဟာက ကိုယ့်ဘက်ကမှန်နေတယ်ဆိုရင်တော့ အကြောင်းပြချက်ရှာပြီး ဒဏ်ရိုက်နေတာ။ စစ်ကောင်စီဆီကိုပဲ ရောက်လေသလား။ ခုက လကုန်ရက်ဆိုတော့
မော်တော်ပီကယ်နဲ့ ရဲတွေဆီပဲအောက်ဆိုဒ် (လာဘ်ငွေ) အနေနဲ့ရောက်သလားတော့ မသိဘူး။ ခုဆို အပြင်ထွက်ဖို့တောင်လန့်နေကြပြီ”လို့ မအူပင်မြို့ခံတစ်ဦးက ပြောပါတယ်။
ဧရာဝတီတိုင်းဟာ တော်လှန်ရေးလှုပ်ရှားမှုတွေ အားနည်းတဲ့ဒေသတစ်ခုလို့ တော်လှန်ရေးအင်အားစုတွေက မှတ်ချက်ပြုထားကြပြီး စစ်ကောင်စီရဲ့ မတရားဖိနှိပ်မှုတွေကြောင့်သာ ငြိမ်သက်နေရတာလို့ ဒေသခံတွေက ဆိုပါတယ်။
ဒါကြောင့်လည်း အာဏာသိမ်းစစ်ကောင်စီဟာ တိုင်းရင်းသားဒေသတွေမှာ တိုက်ပွဲတွေကြောင့် ကုန်ခမ်းနေတဲ့ ဘဏ္ဍာငွေကြေး စစ်စရိတ်အတွက် ဧရာဝတီတိုင်းကနေ အဓမ္မနည်းလမ်းတွေနဲ့ ရှာဖွေခိုင်းနေတာ ဖြစ်နိုင်တယ်လို့ သုံးသပ်ပြောဆိုမှုတွေလည်း ရှိနေပါတယ်။
“ဖိနှိပ်ချင်တာက ပထမဖြစ်လိမ့်မယ်ထင်တယ်။ လူတွေကို အကြောက်တရား ရှင်သန်လာအောင်လုပ်တာပါ။ နောက်တစ်ခုက စစ်ကောင်စီအနေနဲ့ ကချင်၊ ကယား၊ ချင်း၊ စစ်ကိုင်းဘက်တွေမှာ တိုက်ပွဲတွေကြောင့် ဘဏ္ဍာငွေလည်း အတော်ခမ်းနေပါပြီ။ ဒါကြောင့်လည်း အေးဓားပြတိုက်သလို ဧရာဝတီတိုင်းမှာ ဆိုင်ကယ်တွေကို ဖမ်းဆီးနေတာဗျ။ တစ်စီးကို ၃ သောင်းဆို အစီးတစ်ရာကို သိန်း ၃၀ ဗျ။ မနည်းဘူးလေ။ ပြည်သူတွေ စားဝတ်နေရေးကြပ်တည်းနေချိန်မှာ ပြည်သူတွေကို တမင်ဒုက္ခပေးနေတာလို့ပဲမြင်ပါတယ်”လို့ ပုသိမ်မြို့ခံ PDF တော်လှန်ရေးရဲဘော်တစ်ဦးက သုံးသပ်ပြောဆိုပါတယ်။
ဓာတ်ပုံ – စစ်ကောင်စီ
#ဧရာဝတီတိုင်း #ယာဉ်စည်းကမ်း #လမ်းစည်းကမ်း #ဆိုင်ကယ် #Ayeyarwaddy_Times