ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၁၄ ရက်
ကရင်နှင့် ရှမ်းပြည်နယ်အတွင်း ကြီးထွားနေသည့် ကျားဖြန့် (ခ) အွန်လိုင်းလိမ်လည်ဂိုဏ်းများကို တရုတ်နှင့် ထိုင်းနိုင်ငံသားများမှ နယ်စပ်ဒေသရှိ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း (EAO) တချို့ဖြင့် ပူးပေါင်းလုပ်နေကြောင်း အာဏာသိမ်း ရွေးတုအစိုးရက ပြောသည်။
အမေရိကန်နှင့် တရုတ်အစိုးရတို့မှ ကိုင်တွယ်တိုက်ဖျက်လာသဖြင့် ၎င်းတို့ထိန်းချုပ် နယ်မြေများရှိ ကျားဖြန့်ဂိုဏ်းများကို အာဏာသိမ်း ရွေးတုအစိုးရက ဖမ်းဆီးပြနေရာ ထိုအနက်မှ သိမ်းဆည်းရမိ ဓာတ်ပုံတချို့ဖြင့် ယမန်နေ့တွင် ဝါဒဖြန့်မီဒီယာမှတစ်ဆင့် ထုတ်ပြန်ခဲ့သည်။

အဆိုပါ ထုတ်ပြန်ချက်များတွင် ၎င်းတို့အနေဖြင့် ကရင်နှင့် ရှမ်း နယ်စပ်ဒေသအတွင်း တရားမဝင် ဝင်ရောက်လာသည့် တရုတ်၊ ထိုင်းနိုင်ငံသားများကို ဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးချက်အရ EAO အပါအဝင် ကိုယ်ကျိုးစီးပွားရှာသူများဖြင့် ပူးပေါင်းလုပ်နေကြောင်း ဖော်ပြထားသည်။
ထို့အပြင် တရုတ်နိုင်ငံသားများ ဖမ်းဆီးရမိမှုမှာ ၅၀၂ ဦးရှိပြီး ၎င်းတို့နှင့်အတူ ကွန်ပျူတာ၊ ဖုန်းများ သိမ်းဆည်းရမိကာ အင်တာနက် နည်းပညာတို့အား အသုံးချ၍ တရုတ်နိုင်ငံသား အချင်းချင်းကိုသာ အဓိကပစ်မှတ်ထား လုပ်ဆောင်နေကြောင်း ရွေးတုအစိုးရက ဆိုသည်။
ယင်းသို့ ကျူးလွန်ရာ၌လည်း တရုတ်နိုင်ငံသားများသာ အဓိကအသုံးပြုသည့် Safe W ၊ QQ ၊ Yuanbao ၊ Dou Yu ၊ Feishu ၊ Safe X ၊ Wechat ၊ Litmatch နှင့် Telegram စသည့် Application များကို အသုံးပြုလေ့ရှိကြကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

အလားတူ ထိုင်းနိုင်ငံသားများ ဖမ်းဆီးရမိမှုတွင်လည်း ၉၄၇ ဦးအထိရှိပြီး ၎င်းတို့သည် အသိပညာနည်းပါးသူ၊ နည်းပညာအားနည်းသူနှင့် လောဘစိတ်ရှိသူ ထိုင်းနိုင်ငံသားများကို အဓိကပစ်မှတ်ထား မက်လုံးပေးစည်းရုံး လိမ်လည်လုပ်ဆောင်ကြောင်း ထည့်သွင်းဖော်ပြသည်။
သို့သော် လက်ရှိတွင် ကျားဖြန့်ဂိုဏ်းများနှင့် ပတ်သက်ဆက်နွယ်သူများသည် အာဏာသိမ်း စစ်အုပ်စု အသွင်ပြောင်း ရွေးတုအစိုးရ၊ ၎င်းတို့နှင့် ထိတွေ့ဆက်ဆံနေသော EAO တချို့သာဖြစ်ပြီး ဖမ်းဆီးရမိ နေရာများမှာလည်း ၎င်းတို့ထိန်းချုပ်ဒေသဖြစ်ကြောင်း သိရသည်။
ဓာတ်ပုံ – ရွေးတုအစိုးရ