ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၁၄ ရက်
ရှမ်းပြည်နယ်(တောင်ပိုင်း)တွင် မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းမှုကြောင့် မြို့နယ်ငါးမြို့ ရေဘေးသင့်ကာ လူဦးရေ လေးထောင်နီးပါး ရေဘေးရှောင်နေရကြောင်း သိရသည်။
ရှမ်းပြည်နယ်(တောင်ပိုင်း)တွင် မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းမှုကြောင့် မြို့နယ်ငါးမြို့နယ်၌ ရေဘေးရှောင်စခန်း ၁၉ ခု၊ အိမ်ထောင်စု ၉၆၃ စု၊ လူဦးရေ ၃၅၄၅ ဦး ယာယီရေဘေးရှောင် နေရခြင်းဖြစ်သည်။

ထို့ပြင် ဇော်ဂျီမြစ်ရေလျှံမှုကြောင့် ရပ်ကွက်များအတွင်း ရေဝင်ရာက်မှုများရှိခဲ့သည့်အတွက်လာမည့်နှစ်များတွင် ရေကြီးရေလျှံမှု လျော့ပါးသက်သာစေရေးအတွက် ဆောင်ရွက်မည်ဖြစ်ကြောင်း ရွေးတုအစိုးရထံမှ သိရသည်။
“ရေနည်းနည်းပြန်ကျနေပြီ။ ကားလမ်းမ ပေါ်နေပြီ။ အနိမ့်ပိုင်းရပ်ကွက်တွေမှာ ရေမကျသေးဘူး။ လမ်းမကြီးပေါ်ပဲကျသေးတယ် ” ဟု ညောင်ရွှေမြို့ခံတစ်ဦးက ပြောကြားသည်။

ညောင်ရွှေမြို့ပေါ်ရှိ မြို့လယ်ရပ်ကွက်နှင့် ကံသာရပ်ကွက်များတွင် ရေကြီးနေသော်လည်း ရေဘေးရှောင်စခန်းများသို့ သွားရောက်ခြင်းမပြုဘဲ နေအိမ်များတွင် နေထိုင်သော ပြည်သူများကို ရွေးတုအစိုးရက စားနပ်ရိက္ခာများထောက်ပံ့ပေးကြောင်းသိရသည်။
အဆိုပါရေကြီးရေလျှံမှုကြောင့် ရိတ်သိမ်းခါနီးစပါးခင်းဧကတစ်ထောင်ကျော်ပျက်စီးနိုင်ပြီး ကြက်သွန်စိုက်ခင်းများလည်းပျက်စီးဖွယ်ရှိကြောင်း ဒေသခံများထံမှ သိရသည်။
ရေကြီးရေလျှံနေသော ရှမ်းပြည်နယ်( တောင်ပိုင်း)၌လူမှုကူညီရေးအသင်းများမှ ကူညီကယ်ဆယ်ရေးများ လုပ်နေကြောင်းသိရသည်။
ဓာတ်ပုံ – မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ ၊ လူမှုကွန်ရက်