ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၁၄ ရက်

တော်လှန်ရေး အင်အားစုများအကြား မြေပြင်ပွတ်တိုက်မှုများ ညှိနှိုင်းဖြေရှင်းရေးယန္တရားကို အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) နှင့် အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) အပါအဝင် တော်လှန်ရေးအဖွဲ့များက စုပေါင်းဖွဲ့စည်းလိုက်ကြောင်း ယနေ့ နိုဝင်ဘာ ၁၄ ရက်၊ ညပိုင်းတွင် ထုတ်ပြန်လာသည်။

ယင်းယန္တရားကို မြေပြင်ပွတ်တိုက်မှုများအား လက်နက်အင်အား အသုံးမပြုဘဲ တရားမျှတစွာ ညှိနှိုင်းဖြေရှင်းနိုင်ရန်နှင့် အရပ်သားပြည်သူ၏ အသက်၊ အိုးအိမ်၊ စည်းစိမ်၊ လူ့အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်နိုင်ရန် ရည်ရွယ်၍ ပြီးခဲ့သည့် နိုဝင်ဘာ ၁၂ ရက်၌ ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း NUG က အသိပေးကြေညာသည်။

ထိုအတွက် NUCC ၊ NUG ၊ မန္တလေးဒေသကြားကာလ အုပ်ချုပ်ရေးကောင်စီ၊ စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာလအစိုးရ၊ ကြားကာလမကွေးဖက်ဒရယ် ယူနစ်အစိုးရနှင့် နွေဦးတော်လှန်ရေး မဟာမိတ်တပ်ပေါင်းစု(SRA)တို့မှ ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားပြီး အဓိကအချက်များကိုလည်း ထုတ်ပြန်ဖော်ပြထားသည်။

အဆိုပါ အချက်များမှာ မြေပြင်ပွတ်တိုက်မှုများ လျော့ပါးစေရေး ပေါင်းစပ်ညှိနှိုင်းနိုင်ရေး၊ အရပ်ဘက်-စစ်ဘက် အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး မူဘောင်များအား လေးစားလိုက်နာစေရန် တွန်းအားပေးရေး၊ ပွတ်တိုက်မှုများကို လက်နက်အားကိုးဖြင့် မဖြေရှင်းဘဲ ဥပဒေစိုးမိုးရေး မူဘောင်အတွင်းမှ တရားမျှတစွာ ထိန်းကျောင်းဖြေရှင်းရေးတို့ဖြစ်ကြောင်း သိရသည်။

ယင်းအပြင် မြေပြင်ပွတ်တိုက်မှုများကြောင့် အရပ်သားပြည်သူလူထုတို့၏ အသက်၊ အိုးအိမ်၊ စည်းစိမ်နှင့် လူ့အခွင့်အရေးများ ထိခိုက်နစ်နာမှု မရှိစေရေးနှင့် ပြည်သူ့ဘဝ လုံခြုံရေးကိစ္စရပ်များ ကုစားပေးနိုင်ရေး အစီအမံများ အကြံပြုတိုက်တွန်းရေးတို့လည်း ပါဝင်ကြောင်း NUG ၏ ထုတ်ပြန်ချက်အရ သိရသည်။

ထို့ကြောင့် မြေပြင်ပွတ်တိုက်မှုများ ညှိနှိုင်းဖြေရှင်းရေးယန္တရား၏ ရည်ရွယ်ချက်နှင့် လုပ်ငန်းစဉ်များ အောင်မြင်စေရေးအတွက် သက်ဆိုင်ရာအဖွဲ့အစည်းများ၊ ပြည်သူများအနေဖြင့် ပူးပေါင်းဆောင်ရွက်ပေးကြပါရန် အဆိုပါညှိနှိုင်းဖြေရှင်းရေး ယန္တရားအဖွဲ့က အလေးအနက်တိုက်တွန်း အသိပေးကြေညာထားကြောင်း သိရသည်။

ဓာတ်ပုံ – NUG