မအူပင်မြို့မှာ ကိုယ်ဝန်ဆောင်အမျိုးသမီး ရဲစခန်းမှာအသတ်ခံရမှု ၁၀ လကျော်သည့်အထိ အရေးယူမှု မရှိသေး

အောင်မြသန်း/ဧရာဝတီတိုင်းမ်

(မအူပင်)၊ စက်တင်ဘာလ ၂၀ ရက်

ဧရာဝတီတိုင်း၊ မအူပင်မြို့မှာ ကိုယ်ဝန်ဆောင်အမျိုးသမီးတဦးကို စွပ်စွဲဖမ်းဆီးပြီး ရဲစခန်းမှာ နှိပ်စက်သတ်ဖြတ် ခဲ့တာနဲ့ပတ်သက်ပြီး စစ်ကောင်စီက လက်အောက်ရဲတပ်ဖွဲ့ဝင်တွေကို ၁၀ လကျော်ကြာတဲ့အထိ အရေးယူမှု မပြုလုပ်သေးဘူးလို့ ရဲတပ်ဖွဲ့အသိုင်းဝိုင်းက သိရပါတယ်။

မအူပင်မြို့က ကိုယ်ဝန်ဆောင်အမျိုးသမီး မတင်မော်လင်းကို ရဲစခန်းမှာ ရဲတပ်ဖွဲ့ဝင် ၅ ဦးလောက် ဝိုင်းရိုက်နှက် စစ်ဆေးတာတွေပြုလုပ်လို့ ဒဏ်ရာများစွာနဲ့သေဆုံးခဲ့ပေမယ့် ရဲစခန်းမှူးကို နယ်ပြောင်းတာအပြင် သေဆုံး အောင်ရိုက်နှက်ခဲ့သူတွေကို အရေးယူတာတွေမရှိသေးတာလို့ ဒေသခံတွေက ပြောပါတယ်။

“ စဖမ်းထဲက စွပ်စွဲပြီးဖမ်းသွားတာ အဲ့မှာစခန်းမှာ ဝိုင်းရိုက်ပြီး နှိပ်စက်တာ ခေါင်းမှာရော ခန္ဓာကိုယ်မှာရော အညိုမည်းစွဲအောင် ရိုက်နှက်ခံရပြီးမှ သေသွားတာ ခုဆို ၁၀ လကျော်ပြီ ရဲတွေကိူ ဘာမှအရေးယူမပေးဘူး”လို့ ဒေသခံတဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီလက်အောက်ခံရဲတပ်သားတွေ ရိုက်နှက်မှုကြောင့် သေဆုံးခဲ့ရတဲ့ ကိုယ်ဝန်ဆောင် မတင်မော်လင်းနဲ့ အမျိုးသားတို့ဟာ စည်ပင်က အောက်ခြေဝန်ထမ်းတွေဖြစ်ပြီး ထွေအုပ်ဝန်ထမ်းအရာရှိအိမ် သွားရောက်ပြီး အဝတ်လျှော်ပေးစဉ် ပစ္စည်းပျောက်ဆုံးမှုကြောင့် စွပ်စွဲဖမ်းဆီးခံရပြီး ကိုယ်ဝန်ဆောင် မတင်မော်လင်းသေဆုံးခဲ့တာလို့ ဆိုပါတယ်။

ကိုယ်ဝန်ဆောင်အမျိုးသမီး မတင်မော်လင်းနဲ့ အမျိုးသားကို ဖမ်းဆီးသွားပြီးနောက်ပိုင်း မအူပင်မြို့မရဲစခန်းက နယ်ထိန်းအရာရှိ အပါဝင် နယ်ထိန်းရဲ ၅ ဦးနဲ့ ခရိုင်ဒုစရိုက်နှိမ်နင်းရေးတပ်ဖွဲ့က ရဲအရာရှိ ၂ ဦးက ဝိုင်းရိုက်နှက် ခဲ့ကြတာလို့ ရဲတပ်ဖွဲ့အသိုင်းဝိုင်းက သိရပါတယ်။

ရဲစခန်းမှာ ဖမ်းဆီးခံထားရတဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီး မတင်မော်လင်းဟာ တရားခံမဟုတ်သေးတာကြောင့် စစ်ဆေးမေးမြန်းခွင့်ရှိပေမယ့် သေဆုံးအောင်ရိုက်နှက်စစ်ဆေးပြီး အရေးယူမှုမရှိသေးတဲ့အပေါ် ဒါဟာ တာဝန် မဲ့တဲ့ လုပ်ရပ်ဖြစ်တယ်လို့ ရဲတပ်ဖွဲ့ဝင်ဟောင်းတဦးက သုံးသပ်ပြောဆိုပါတယ်။

ကိုယ်ဝန်ဆောင်အမျိုးသမီး မတင်မော်လင်းဟာ မအူပင်ရဲစခန်းက ရဲတွေရဲ့ ရိုက်နှက်တဲ့ ဒဏ်ရာတွေကြောင့် ၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၉ ရက်နေ့မှာ သေဆုံးခဲ့တာဖြစ်ပြီး မတင်မော်လင်းသေဆုံးချိန်မှာ ကိုယ်ဝန် ၄ လရှိပြီ လို့ ဆေးစာတွေအရ သိရပါတယ်။

#မအူပင် #မတင်မော်လင်း #ရဲတပ်ဖွဲ့ဝင် #အရေးမယူ

#Ayeyarwaddy_Times