ကိုကိုမောင်/ဧရာဝတီတိုင်းမ်
မုံရွာ၊ဇူလိုင်လ ၁ ရက်

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းတောင်ဒေသ၊ စစ်ကောင်စီတပ်စွဲထားသည့် ဝမ်ပေါင်ကြေးနီစီမံကိန်းအနီးတွင် ယမန်နေ့ ဇွန်လ ၃၀ ရက် စစ်ကောင်စီတပ်လမ်းပြအဖြစ် ခေါ်ဆောင်သွားခံရသည့် ဖောင်းကတာရွာခံအမျိုးသား၏ သတ်ဖြတ်ခံထားရသည့် ရုပ်အလောင်းကို ပြန်လည်တွေ့ရှိခဲ့ကြောင်း ဒေသခံများထံကသိရသည်။

စစ်ကောင်စီတပ် လမ်းပြခေါ်ဆောင်ပြီးနောက် သတ်ဖြတ်ခံထားရသူမှာ ဖောင်းကတာရွာမှ ကိုဝင်းနိုင်ဆိုသူဖြစ်ပြီး ဇွန်လ ၂၄ ရက် ဖောင်းကတာရွာသို့ စစ်ကောင်စီတပ်ကဝင်ရောက်စီးနင်းပြီးနောက် လမ်းပြအဖြစ် ၄င်းနှင့်အတူအခြားရွာခံအမျိုးသား ၁ ဦးကိုပါခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း သိရသည်။

” ဖောင်းကတာကခေါ်သွားတဲ့ ကိုဝင်းနိုင်ရဲ့ အလောင်းကို ဝမ်ပေါင်ဆိုက်နားမှာ ရုပ်ပျက်ဆင်းပျက်ပြန်တွေ့တယ်။ ဝင်စီးတဲ့နေ့ကခေါ်သွားတာက ၂ ယောက်ကို ၁ ယောက်ဘဲပြန်တွေ့တာ။ လမ်းပြဆိုပြီးဖမ်းသွားပြီး သူတို့လိုချင်တဲ့နေရာရောက်မှ ပစ်သတ်ခဲ့တာ” ဟု ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

ဇွန်လ ၂၇ ရက်နှင့် ၂၈ ရက်နေ့များတွင်လည်း စစ်ကောင်စီတပ် ဖမ်းဆီးခေါ်ဆောင်သွားသည့် တောကျောင်းရွာခံ ၂ ဦး နှင့်တုံရွာ ဒေသခံ ၁ ဦး၏ ရုပ်အလောင်းများကိုလည်း တွေ့ရှိခဲ့ကြောင်း ဒေသခံများထံကသိရသည်။

စစ်ကောင်စီတပ်က ဇွန်လ ၂၁ ရက်မှစ၍ လက်ပံတောင်းတောင်ဒေသ ကြေးနီစီမံကိန်းအနီးရှိကျေးရွာများကို ဝင်ရောက်စီးနင်းပြီး ဒေသခံများကို ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ကျေးရွာနေအိမ်များကို မီးရှိုဖျက်ဆီးခြင်းများ ပြုလုပ်နေသဖြင့် လက်ပံတောင်းတောင် အနီးတဝိုက်ရှိရွာ ၂၀ ကျော် မှ ဒေသခံ ၂ သောင်းကျော်ဘေးလွတ်ရာသို့ထွက်ပြေးတိမ်းရှောင်နေရကြောင်းသိရသည်။