ဧရာဝတီတိုင်းမ်
ဇူလိုင် ၁၀ ရက်
အခြေခံပြည်သူလူထု အဓိကစားသုံးသော အခြေခံစားသုံးကုန် စားအုန်းဆီသည် ဈေးကွက်အတွင်းပြတ်လပ်နေပြီး ရွေးတုအစိုးရ သတ်မှတ်ရည်ညွှန်းဈေး ကျကြောင်းသိရသည်။
ပြီးခဲ့သည့် ဇူလိုင် ၉ ရက်တွင် MT. RM2 သင်္ဘောသည် HOB ဆိပ်ကမ်းသို့ ဆီတန်ချိန် ၅၀၀၀ ဖြင့် ရောက်ရှိပြီး ဇူလိုင် ၁၀ ရက် နံနက်ပိုင်းအထိ တန်ချိန် ၂၈၀၀ ခန့် ကုန်ချပြီးဖြစ်ကာ တန်ချိန် ၂၀၀၀ ခန့် ဆက်လက်ကုန်ချလျက်ရှိကြောင်း မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းက ယနေ့ထုတ်ပြန်သည်။
ယခုတစ်ပတ် ဇူလိုင် ၁၀ မှ ဇူလိုင် ၁၆ ရက်နေ့အထိ ရန်ကုန်အထိုင် စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးသည် တစ်ပိဿာ ၇,၂၃၀ ကျပ်ဖြစ် ကြောင်း စားသုံးဆီတင်သွင်း သိုလှောင် ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက ယနေ့ ထုတ်ပြန်သည်။

အဆိုပါ စျေးနှုန်းသည် ယခင်တစ်ပတ်ဖြစ်သည့် ဇူလိုင် ၃ မှ ဇူလိုင် ၉ ရက်စျေးနှုန်းထက် ၁၅ ကျပ်လျော့ကျကြောင်းသိရသည်။
လက်ရှိတွင်ပြင်ပဈေးများ၌ စားသုံးဆီကို ဝယ်ယူ၍ မရဘဲကုန်ပစ္စည်းပြတ်လပ်နေပြီး ပေါက်ဈေးအမျိုးမျိုးဖြစ်နေကာ အခြေခံလူတန်းစား မိသားစုများနှင့် စားသောက်ဆိုင်လုပ်ငန်းများ အခက်အခဲကြုံတွေ့ရကြောင်းသိရသည်။
ရွေးတုအစိုးရဆီက စားသုံးဆီခွဲတမ်းဝယ်ယူခွင့်မရသည့် အိမ်ထောင်စုများက ကုန်ဈေးနှုန်းမြင့်တက်သည့်ဒဏ်ကို ပိုမိုခံစားနေရကြောင်း အင်းစိန်မြို့နယ်နေထိုင်သူတစ်ဦးက ပြောကြားသည်။
” ဧည့်စာရင်းနဲ့နေတာဆိုတော့ ဒီတစ်ပတ် စားအုန်းဆီမရတော့ဘူး။ အရင်က တစ်ပိဿာရနေတာ။ အခုမရတော့ အပြင်ကမေဇင်ဆီဝယ်ရတယ်။ စိတ်ညစ်တယ်လေ။ ပိုကုန်တာပေါ့။ ကုန်ဈေးနှုန်းတွေက ဒီလောက်တက်နေတာ။ မပြောချင်တော့ဘူး” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ရွေးတုအစိုးရသည် စားအုန်းဆီဖြန့်ဝေပေးရာတွင် ရန်ကုန်တိုင်းအတွင်းရှိမြို့နယ်များကိုသာမက နယ်မြို့များတွင်လည်း အိမ်ထောင်စုအားလုံးကို ညီတူညီမျှခွဲဝေပေးနိုင်ခြင်းမရှိကြောင်းသိရသည်။
” ဒီတစ်ပတ်ဆီပေးတာ သန်းခေါင်စာရင်းရှိသူပဲပေးတော့တယ်။ ဒီတစ်ပတ်စာ တစ်ပိဿာရတယ်။ ဒီနေ့ထုတ်လို့ရတာ။ နောက်ရက် ၁၇ ရက်မှဆီထုတ်ခွင့်ရှိတော့မယ်။ လူများနဲ့အိမ်တွေဆို ဆီကမလောက်ဘူး။ အထက်ကဆိုပြီး ရဲနဲ့ ထွေအုပ်တွေ ဆီပေးတာကိုလာကြည့်သွားတယ် ” ဟု သီရိမြိုင် ၅ လမ်းနေထိုင်သူ တစ်ဦးက ပြောသည်။
ထို့ပြင် ရန်ကုန်တိုင်းရှိ လှိုင်မြို့နယ်တွင် ယခုတစ်ပတ်စားအုန်းဆီပေးရာတွင် သန်းခေါင်စာရင်းဖြင့်နေထိုင်သူများသာ တစ်ပတ်စာ စားအုန်းဆီ တစ်ပိဿာရရှိကြောင်း ၎င်းက ဆိုသည်။
စစ်တပ်လက်အောက်ရှိ မြဝတီထရေးဒင်းလိမ်တက်လုပ်ငန်းပိုင် ရန်ကုန်မြို့၊ ကြည့်မြင်တိုင်မြို့နယ်ရှိ ထီးတန်းဆိပ်ကမ်း (Hteedan Oil Terminal) ပြည်ပမှတင်သွင်းလာသော စားသုံးဆီ များကို လက်ခံရယူခြင်းနှင့် သိုလှောင်ကန်များသို့ ဖြန့်ဝေရာတွင် အဓိကအသုံးပြုသော ဆိပ်ကမ်းတစ်ခု ဖြစ်သည်။
ဓာတ်ပုံ – ဧရာဝတီတိုင်းမ်