ကျော်လင်း/ဧရာဝတီတိုင်းမ်
ဖျာပုံမြို့၊ ဇွန်လ ၃၀ ရက်။
ဧရာဝတီတိုင်း၊ ဖျာပုံမြို့နယ်မှာ ၂၀၂၁ ခုနှစ်၊ ဇန်န ဝါရီလက လူသတ် ဓါးပြတိုက်ပြီး သက်ငယ်မုဒိန်းမှု ကျူးလွန်ခဲ့သူ အမျိုးသား ၃ ဦးကို စစ်ကောင်စီက ၂၀၂၂ ခုနှစ် ဇွန်လ ၂၉ ရက်နေ့မှာ အမိန့်ချမှတ်ခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့နှစ် အစပိုင်းက ကမကလူ ကျေးရွာအုပ်စု မင်းလှစုရွာနဲ့ဟေမာန်ရွာအကြား လယ်ကွင်းအတွင်းရှိ နေအိမ်တခုက အိမ်ပိုင်ရှင် အဘိုးဖြစ်သူကို ရိုက်သတ်ကာ ရွှေ ၁ ပိဿာ ၃၀ ကျပ်သားယူဆောင်ခဲ့ပြီး မြေးဖြစ်သူ အသက် ၁၂ နှစ်အရွယ် ကလေးငယ်ကိုပါ အဓမ္မပြုကျင့်ခဲ့တဲ့ ကျော်ကျော်ပါ အမျိုးသား ၃ ဦးကို စစ်ကောင်စီ လက် အောက်ခံ ဖျာပုံခရိုင်တရားရုံးက ၁ နှစ်ခွဲအကြာမှ အမိန့်ချမှတ်နိုင်ခဲ့တာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီကောင်တွေက စာရင်းငှားအဟောင်းတွေ အိမ်ကို ဝင် လမ်း ထွက်လမ်းကအစအကုန်သိနေတာ၊ လုပ်တာ တော်တော်မိုက်ရိုင်းတယ် လူသတ် ပစ္စည်းယူတာတင်မကဘူး။ အသက်မပြည့်သေးတဲ့ ကလေးကိုပါ အဓမ္မပြုကျင့်သွားတာ တော်တော်မိုက်ရိုင်းတယ်လို့ ဒေသခံတဦးက ပြောပါတယ်။
လူသတ်ဓါးမြတိုက်ပြီး သက်ငယ်အဓမ္မမှုကျူးလွန်ခဲ့တဲ့ ကျော်ကျော်ပါ အမျိုးသား ၃ ဦးကို ဖျာပုံခရိုင်တရားရုံးက ရာကြီးအမှတ် (ပ)၄၁/၂၀၂၁ နဲ့ သေဒဏ်အမိန့်ချမှတ်ခဲ့တယ်လို့ တရားရုံးအသိုင်းဝိုင်းက သိရပါတယ်။
လူသတ်ဓါးမြတိုက်ပြီး သက်ငယ်အဓမ္မမှုကျူးလွန်ခဲ့သူတွေကို စစ်ကောင်စီလက်အောက်ခံ တရားရုံးက ၁ နှစ်ခွဲ ကြာမှ အမိန့်ချမှတ်နိုင်ခဲ့သလို ဓါးမြတိုက်ခံရလို့ ပါသွားတဲ့ ရွှေထည်ပစ္စည်းတွေထဲကလည်း ရွှေ ၂၅ ကျပ်သား ကျော်နဲ့ ငွေကျပ် သိန်း ၃၀ သာ ပြန်လည်ရရှိခဲ့တယ်လို့ မိသားစုနဲ့ နီးစပ်သူတွေထံက သိရပါတယ်။