ပုသိမ်မှာ PDF တွေတွေ့တယ်လို့ သတင်းသွားပေးတဲ့ စိတ်ဝေဒနာရှင်ကို စစ်ကောင်စီတပ် ဖမ်းဆီးထား

နွေဦးမောင်/ဧရာဝတီတိုင်းမ်

(ပုသိမ်)၊ စက်တင်ဘာလ ၁၁ ရက်

ဧရာ၀တီတိုင်း၊ ပုသိမ်မြို့နယ်၊ ရှောပြာကျေးရွာအုပ်စုမှာ စက်တင်ဘာ ၈ ရက်နေ့က စိတ်ဝေဒနာရှင်တစ်ဦးက တောထဲ ဝါးခုတ်သွားစဥ် PDFများကဖမ်းဆီးပြီး ပြန်လွှတ်လိုက်တယ်ဆိုပြီး သတင်းပေးတာကြောင့် စစ်ကောင်စီတပ်များတောနင်းရှာဖွေမှုတွေပြုလုပ်နေတယ်လို့ ဒေသခံတွေဆီက နေသိရပါတယ်။

ထိုသူမှာ တောထဲ ဝါးခုတ်သွားစဥ် PDF မိန်းကလေး ၅ ယောက်ကဖမ်းဆီးပြီး ပြန်လွှတ်လိုက်တယ်ဆိုပြီး စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးမှူးထံ သွားရောက်သတင်းပို့ခဲ့တာကြောင့် စစ်ကောင်စီတပ်တွေနဲ့ ပြည်သူစစ်တွေက တောနင်းရှာဖွေခဲ့တာလို့ သိရပါတယ်။

“အုပ်ချုပ်ရေးမှူးရုံးကို သတင်းလာပေးတာ။ သူက ရွာမှ ကျပ်မပြည့်ဘူး။ သူတောထဲသွားတုန်း PDFမိန်းကလေး ၅ ယောက်ကဖမ်းပြီးစခန်းကိုခေါ်သွားတာတဲ့။ အကုန် ၂၅ ယောက်လောက်ရှိတယ်ဆိုပြီးပြောလို့ မြို့ကစစ်ကား၂စီးပြည့်သူစစ်တွေ ပေါင်းပြီး တောနင်းနေတာ ၄ရက်ရှိပြီ။ ဘာမှလဲမတွေ့ဘူး”လို့ ပုသိမ်မြို့ခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

လက်ရှိမှာ သတင်းလာပေးတဲ့ စိတ်ဝေဒရှင်ကို စစ်ကောင်စီတပ်တွေ ဖမ်းဆီးထားတယ်လို့သိရှိရပြီး ရှောပြာကျေးရွာအနီးတောထဲနဲ့ ပုသိမ် – ချောင်းသာကားလမ်းတစ်လျှောက်မှာ ရှောပြာအုပ်ချုပ်ရေးမှူး ဝိုင်းကြီး နဲ့ ပြည်သူ့စစ်တွေ စစ်ကောင်စီတပ်တွေ ကင်းပုန်းများ ၀ပ်နေပြီး ပုသိမ်ကြိုးတံတားစစ်ဆေးရေးဂိတ်မှာလဲ လုံခြုံရေးတင်းကြပ်ထားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလ ၁၅ ရက်နေ့ကလည်း ပုသိမ် – ချောင်းသာကားလမ်းပေါ်မှာ စစ်ကောင်စီရဲ့ ပြည်ထောင်စုဝန်ကြီးယာဉ်တန်းကို ​PDF များက မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီးနောက်ပိုင်း ပုသိမ်-ချောင်းသာကားလမ်းကို စစ်ကောင်စီတပ်တွေက သတိထားစစ်ဆေးမှုတွေ တောနင်းရှာဖွေမှုတွေ အကြိမ်ကြိမ်ပြုလုပ်နေတာလို့ ဒေသခံတွေက ဆိုပါတယ်။

ဧရာ၀တီတိုင်းက ရခိုင်ရိုးမနဲ့ထိစပ်နေတဲ့ ကြံခင်းမြို့နယ်၊ ရေကြည်မြို့နယ်၊ သာပေါင်းမြို့နယ်နဲ့ ပုသိမ် – ချောင်းသာသစ်တောတွေအတွင်းမှာ စစ်ကောင်စီက တောနင်းရှာဖွေတာတွေအမြဲပြုလုပ်လေ့ရှိတယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။

#ပုသိမ် #PDF #သတင်းပေး #စိတ်ဝေဒနာရှင် #စစ်ကောင်စီ #ဖမ်းဆီးထား

#Ayeyarwaddy_Times

ပုံ – ပေးပို့(ပုသိမ် – ချောင်းသာကားလမ်း ရှောပြာကျေးရွာအနီးက သစ်တောတစ်ခုအား မြင်တွေ့ရစဥ်)