ဧရာ၀တီတိုင်းမ်
မတ် ၃၀ ရက်
စစ်အာဏာသိမ်းပြီးနောက် ပြည်သူထောင်ပေါင်းများစွာကို အကြမ်းဖက်သတ်ဖြတ်ခဲ့သည့် အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ပြည်သူ့လွှတ်တော်အစုအဖွဲ့မှ ဒုသမ္မတလောင်းအဖြစ် ယနေ့ ရွေးချယ်တင်မြှောက်ခဲ့ကြောင်း သတင်းရရှိသည်။
နိုင်ငံတော်သမ္မတရွေးချယ်ရန်အတွက် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် တပ်မတော်သား ကိုယ်စားလှယ်အစုအဖွဲ့တို့မှ ဒုသမ္မတလောင်းတစ်ဦးစီ ရွေးချယ်တင်မြှောက်ကြရာ ပြည်သူ့လွှတ်တော် အစုအဖွဲ့က အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဒုသမ္မတလောင်းအဖြစ် ရွေးချယ်တင်မြှောက်ခဲ့ခြင်း ဖြစ်သည်။
အမျိုးသားလွှတ်တော်အစုအဖွဲ့မှ ကရင်ပြည်နယ် ကြံ့ခိုင်ရေးပါတီဥက္ကဌဖြစ်သူ နန့်နီနီအေးကို ဒုတိယသမ္မတလောင်းအဖြစ် ရွေးချယ်တင်မြှောက်ခဲ့ကြောင်း သိရသည်။
နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း – AAPP ၏စာရင်းအရ စစ်တပ်အာဏာသိမ်းသည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့မှ ၂၀၂၆ ခုနှစ်၊ မတ်လ ၂၆ ရက်နေ့အထိ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများ၏သတ်ဖြတ်မှုကြောင့် ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်း ၇၉၅၂ ဦး သေဆုံးခဲ့ကြောင်း သိရသည်။