ရေးမြို့ရှိ စစ်ကောင်စီ၏ ခရိုင်စုပေါင်းရုံး ၄၀မမဖြင့်ပစ်ခတ်တိုက်ခိုက်ခံရ

နိုင်း/ဧရာဝတီတိုင်းမ်

(ရေး)၊ စက်တင်ဘာ ၉ ရက်

မွန်ပြည်နယ်၊ ရေးမြို့ ရေးခရိုင်စစ်ကောင်စီစုပေါင်းရုံးသည် ယမန်နေ့ည ဗုံးခွဲတိုက်ခိုက်ခြင်းခံရအပြီး ယနေ့စက်တင်ဘာ ၉ ရက်နေ့ နေ့လည် ၁၂ နာရီဝန်းကျင်တွင် ရေးဘီလူး အဖွဲ့၏ တိုက်ခိုက်ခြင်း ကိုထပ်မံခံရကြောင်း သိရသည်။

ရေးဘီလူးအဖွဲ့သည် ရေးမြို့ ရေးခရိုင်စစ်ကောင်စီစုပေါင်းရုံးအား ၄၀ မမ ၄လုံးဖြင့် ပစ်ခတ်ခဲ့ရာ ရုံးခန်းအပေါ်ထပ်တစ်လျှောက်ရှိပြတင်းမှန်တံခါး အားလုံးကွဲခဲ့ပြီး ဝန်ထမ်း ၃ ဦး မိုင်းစထိမှန်ဒဏ်ရာရခဲ့ကြောင်း ရေးဘီလူးအဖွဲ့ထံမှ သိရသည်။

“ဒီနေ့ပစ်ခတ်ရတဲ့အကြောင်းရင်းမှာ အဓိကက စစ်ကောင်စီယန္တရားကို လုံးဝလည်ပတ်ခွင့်မပေးဘူး။ ပြီးတော့ စစ်ကောင်စီနဲ့မွန်နဲ့တွဲပီး ဖွင့်ထားထားတဲ့ခရိုင်ရုံးကို ရေးမြို့မှာလုံးဝတည်ရှိခွင့်မပေးဘူး။ ခုလည်းသူတို့ရုံးကိုပိတ်တော့မယ်ကြားတယ်” ဟု ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

ရေးမြို့အတွင်းတွင် ဆိုင်ကယ်တစ်စီး အမျိုးသားနှစ်ဦးမစီးရဟု ထုတ်ပြန်ချက်အားချိုးဖောက်ကာလုံခြုံရေးတင်းကြပ်ထားသည့်ကြားမှ ရေးဘီလူးအဖွဲ့က စုပေါင်းခရိုင်ရုံးအား ၄၀ မမဖြင့်ပစ်ခတ်ခဲ့ပြီး အထိအခိုက်မရှိဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

ရေးခရိုင်မှူးဦးစန်းမင်းသည် ရေးမြို့နယ်ရှိ ရေးဘီလူးနှင့် PDFများမှာ မူးယစ်ဆေးသုံးစွဲသူများသာဖြစ်ပြီး စစ်ရေးတွင်လည်း ပစ်ပြေးအဆင့်သာ ရှိကြောင်း ရေးဘီလူးအဖွဲ့အားဖမ်းပြမည်ဟု စက်တင်ဘာ ၇ ရက်တွင် အ.ထ.က ၁ ရေး ၌ ဟောပြောပွဲပြုလုပ်အပြီးတွင် ယခုကဲ့သို့ ခရိုင်စုပေါင်းရုံး တိုက်ခိုက်ခံရခြင်းဖြစ်ကြောင်းသိရသည်။

ရေးဘီလူးအဖွဲ့သည် ပြီးခဲ့သည့် ဩဂုတ်လ ၂၅ ရက်နေ့တွင်လည်း ရေးမြို့တံတားကြီးစစ်ဆင်ရေးဂိတ်ကိုဝင်ရောက်ပစ်ခတ်ခဲ့ရာ ၅ ဦးသေဆုံးခဲ့ကြောင်း ရေးဘီလူးအဖွဲ့၏ စာရင်းများအရ သိရသည်။

#ရေး #ခရိုင်စုပေါင်းရုံး #စစ်ကောင်စီ #၄၀မမ #ပစ်ခတ်တိုက်ခိုက်

#Ayeyarwaddy_Times