နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၁၆ ရက်
စစ်ကိုင်းတိုင်းရှိ ကသုံးလုံးနယ်မြေနှင့် အထိနာနေသော ချင်းပြည်နယ်ကို ထိုးစစ်မြှင့်ရန်အတွက် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဟုမ္မလင်းမြို့သို့သွားရောက်၍ စည်းရုံးရေးဆင်းခဲ့ကြောင်း CDM အရာရှိနှင့် ၎င်းတို့ထုတ်ပြန်ချက်အရ သိရသည်။
ကသုံးလုံး ဆိုသည်မှာ ကသာခရိုင် (ကသာ၊ ထီးချိုင့်၊ ဗန်းမောက်၊ အင်းတော်) ကောလင်းခရိုင် (ကောလင်း၊ ဝန်းသို၊ ပင်လည်ဘူး)နှင့် ကန့်ဘလူခရိုင် (ကန့်ဘလူ၊ ကျွန်းလှ)တို့ဖြစ်ပြီး ယင်းဒေသများကို စစ်ကော်မရှင်က ဟုမ္မလင်း၊ ဗန်းမောက်မှတဆင့် ထိန်းချုပ်နိုင်ရန် ပြင်ဆင်နေကြောင်း သိရသည်။
“အဓိကကတော့ KIA ဘက်က ကသုံးလုံးနယ်မြေတွေဘာတွေ ပြောလာတဲ့အချိန်မှာ သူက အဓိကကျတဲ့ အင်းတော်နဲ့ ပင်လယ်ဘူးနေရာတွေ မူးမြစ်ဝှမ်းတစ်လျှောက်ကို ပြန်ပြီးတော့ ထိန်းချုပ်နိုင်ဖို့ သွားတာဖြစ်တယ်” ဟု စစ်ရေးဆိုင်ရာ လေ့လာစောင့်ကြည့်သူ CDM ဗိုလ်ကြီး ဇင်ယော်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

ယင်းအပြင် စစ်ကိုင်း အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ)မှတဆင့် ၎င်းတို့တပ်ဖွဲ့ဝင်များ အထိနာနေသည့် ချင်းပြည်နယ်ကို အားပေးရင်းဖြင့် တိုက်စစ်မြှင့်ရန် စစ်ခေါင်းဆောင် မလာခင်ကတည်းက ဟုမ္မလင်းတွင် အင်အား၊ ရိက္ခာခဲယမ်းများ ရာဂဏန်းချီ၍ ပို့ဆောင်ထားကြောင်း ၎င်းက ဆက်လက်ဆိုသည်။
ထို့နောက် စစ်ခေါင်းဆောင်သည် နမခ၏ ဟုမ္မလင်းတပ်နယ်နှင့် မြို့နယ်တာဝန်ရှိသူတို့အား ယမန်နေ့ ဖေဖော်ဝါရီ ၁၅ ရက်တွင် မြေပြင်ကွင်းဆင်း သွားရောက်တွေ့ဆုံပြီး ခုခံတော်လှန်နေသော တော်လှန်ရေး အင်အားစုများကို မဟုတ်မမှန် စွပ်စွဲပြောဆိုခဲ့ကြောင်း ၎င်းတို့ထုတ်ပြန်ချက်အရ သိရသည်။
“စစ်ကိုင်းတိုင်း အချို့နေရာတွေမှာ ဆူပူသောင်းကျန်းမှုတွေ ပေါများတာဟာ အသိပညာ အားနည်းမှု၊ အတတ်ပညာ အားနည်းမှုတွေနဲ့ ဆက်စပ်နေတာကို အခြေခံအားဖြင့် တွေ့ရှိနိုင်ပါတယ်” ဟု စစ်ခေါင်းဆောင်က စွပ်စွဲပြောဆိုကြောင်း ၎င်းတို့ဝါဒဖြန့် သတင်းစာ၌ ထုတ်ပြန်ဖော်ပြထားသည်။
ထို့အပြင် နိုင်ငံရေး အကြောင်းပြ၍ ကိုယ်ကျိုးအတွက် သယံဇာတများကို တရားမဝင် ထုတ်ယူမှု အမြောက်အများရှိပြီး လက်နက်အားကိုးဖြင့် ပြည်သူများထံမှ ငွေကြေးများ အတင်းအဓမ္မကောက်ခံကာ ကိုယ်ကျိုးသုံးနေကြကြောင်း ၎င်းက လက်အောက်ခံများအား ဆက်လက်စည်းရုံးပြောသည်။
စစ်ကိုင်းတိုင်းသည် စစ်ကော်မရှင်ကို အာဏာသိမ်း ကာလအတွင်း ခုခံတော်လှန်မှု အားကောင်းလျက်ရှိပြီး ပြီးခဲ့သော ရက်ပိုင်းအတွင်း KIA ၏ ဒုဗိုလ်ချုပ်ကြီး ဂွန်မော်က ကသုံးလုံးအပါအဝင် စစ်ကိုင်း အခြေအနေနှင့် ပတ်သက်၍ ပြောဆိုခဲ့ပြီးနောက် ယခုကဲ့သို့ စစ်ခေါင်းဆောင် လာရောက်ခြင်းလည်းဖြစ်သည်။
ယခုကဲ့သို့ ခုခံတော်လှန်မှုများ ဖြစ်ပေါ်လာရခြင်းသည် စစ်တပ်အာဏာသိမ်းမှုကြောင့်ဖြစ်ပြီး လိုအပ်သော ရံပုံငွေများ၊ တိုက်ပွဲများကို တရားနည်းလမ်းကျစွာ ရယူလုပ်ဆောင်နေသဖြင့် ထိုစွပ်စွဲပြောဆိုမှုများအား လက်မခံပယ်ကျကြောင်း စစ်ကိုင်းဖိုရမ်ဖက်ဒရေးရှင်းက တုံ့ပြန်သည်။
“တိုင်းပြည်မှာ ပေါကြွယ်ဝတဲ့ သယံဇာတကို နည်းမျိုးစုံနဲ့ နိုင်ငံခြားကို ထုတ်ရောင်း၊ လုပ်ပိုင်ခွင့်ပေးနေတဲ့ အကြမ်းဖက် စစ်ကော်မရှင်က ဒီလိုစွပ်စွဲပြောဆိုတာဟာ တရားမဝင်ဘူး၊ ပယ်ချတယ်။ သူခိုးက လူပြန်ဟစ်နေတာမျိုး” ဟု စစ်ကိုင်းဖိုရမ်ဖက်ဒရေးရှင်း EC အဖွဲ့ဝင် ကိုစိုးဝင်းဆွေက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ယခင်ခန္တီးခရိုင်အတွင်း တည်ရှိသော ဟုမ္မလင်းမြို့နယ်ကို အာဏာသိမ်း စစ်ကော်မရှင်က ခရိုင်တစ်ခုအဖြစ် သတ်မှတ်ထားပြီး သစ်၊ ရွှေ၊ ရွှေဖြူ၊ ပလက်တီနမ်၊ ကျောက်မီးသွေး စသည့် သယံဇာတများ ထွက်ရှိကာ ၎င်းတို့နှင့် ထိတွေ့ဆက်ဆံ နိုင်ငံတချို့နှင့် တူးဖော်ပူးပေါင်း လုပ်ဆောင်နေကြောင်း သိရသည်။
ဓာတ်ပုံ-MOI