နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၁၂ ရက်

စစ်ကော်မရှင်က ၎င်းတို့နည်းတူ နိုင်ငံတကာ၏ အပယ်ခံ အာဏာရှင်နိုင်ငံဖြစ်သော နီကာရာဂွာနှင့် သံတမန်အဆင့်မြှင့်တင်ရန် ပြင်ဆင်လာပြီး နှစ်နိုင်ငံမြို့တော်များ၌ သံရုံးများအပြန်အလှန် ဖွင့်လှစ် သွားရေးနှင့် နိုင်ငံတကာမျက်နှာစာတွင် ပူးပေါင်းမှုမြှင့်တင်ရန် နေပြည်တော်၌ ဆွေးနွေးခဲ့ကြ ကြောင်း သိရသည်။

စစ်ကော်မရှင်၏ နိုင်ငံခြားရေးဒုဝန်ကြီး ဦးကိုကိုကျော်သည် မြန်မာနိုင်ငံဆိုင်ရာ နီကာရာဂွာ သံအမတ်အဖြစ် ခန့်အပ်ရန် သဘောတူထားသည့် မစ္စတာ ဆီဂွမ်ဒိုမာတင် ကယ်လီရို အက်စကိုစီယာကို ဖေဖော်ဝါရီ ၁၀ ရက်က နေပြည်တော်၌ တွေ့ဆုံခဲ့ခြင်းဖြစ်သည်။

မစ္စတာ အက်စကိုစီယာသည် ယခင်က ဇင်ဘာဘွေနိုင်ငံအခြေစိုက် နီကာရာဂွာသံရုံးတွင် သံရုံးယာယီ တာဝန်ခံအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး ယခုအခါ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီးအဖြစ် ခန့်အပ်ရန် အဆိုပြုလာမှုကို စစ်ကော်မရှင်က သဘောတူညီခဲ့ခြင်းဖြစ်သည်။

တွေ့ဆုံမှုအတွင်း နှစ်နိုင်ငံမြို့တော်များ၌ သံရုံးများ အပြန်အလှန်ဖွင့်လှစ်နိုင်ရေး၊ ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာတွင် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားရေးတို့ကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

အလယ်အမေရိကနိုင်ငံဖြစ်သော နီကာရာဂွာသည် စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲ များကို ထောက်ခံထားသည့် နိုင်ငံအနည်းငယ်ထဲတွင် ပါဝင်နေသည်။ ရုရှားနိုင်ငံမှ လက်နက်ဝယ်ယူမှုနှင့် နည်းပညာအကူအညီရယူမှုတွင် လမ်းကြောင်းတူညီကြသည့် အဆိုပါ နှစ်နိုင်ငံသည် ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်မှစတင်ကာ သံတမန်ဆက်ဆံရေးကို သိသိသာသာ မြှင့်တင်လာခဲ့ခြင်းဖြစ်သည်။

နီကာရာဂွာ သမ္မတ ဒန်နီရယ် အော်တီဂါနှင့် ပူးတွဲသမ္မတဖြစ်သူ ၎င်း၏ဇနီး ရိုဆာရီယို မူရီလိုတို့သည် နိုင်ငံ ၏အာဏာကို မိသားစုလိုက် ချုပ်ကိုင်ထားသူများဖြစ်ပြီး ၂၀၂၁ ခုနှစ် ရွေးကောက်ပွဲတွင် ပြိုင်ဘက် နိုင်ငံရေး သမားများနှင့် တက်ကြွလှုပ်ရှားသူများကို ဖမ်းဆီးအကျဉ်းချ၍ အနိုင်ရယူခဲ့သဖြင့် နိုင်ငံတကာ က “အတု အယောင်ရွေးကောက်ပွဲ” ဟု သတ်မှတ်ထားသည်။

လက်ရှိတွင် အမေရိကန်အပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းက နီကာရာဂွာကို လူ့အခွင့်အရေး ချိုးဖောက်သည့် အာဏာရှင်နိုင်ငံအဖြစ် သတ်မှတ်ကာ ဒဏ်ခတ်ပိတ်ဆို့မှုများ ပြုလုပ်ထားသည်။

ထို့ကြောင့် စစ်ကော်မရှင်နှင့် နီကာရာဂွာတို့၏ ယခုကဲ့သို့ ပူးပေါင်းမှုသည် “အပယ်ခံ အာဏာရှင်ချင်း” အချင်းချင်း ပြန်လည်ဖေးမခြင်းပင်ဖြစ်သည်ဟု နိုင်ငံရေးအကဲခတ်များက ဆိုသည်။

ဓာတ်ပုံ – MOI