နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၆ ရက်

စစ်ကော်မရှင်က ဖိုင်ဘာကေဘယ်ဆက်ကြောင်း ချို့ယွင်းမှုအကြောင်းပြ၍ ၎င်းတို့၏ ရွေးကောက်ပွဲ ပထမအဆင့် ပြီးစီးပါက အင်တာနက်လိုင်းများ ပြန်လည်ကောင်းမွန်မည်ဟု ဆိုခဲ့သော်လည်း လက်ရှိအချိန်အထိ အင်တာနက်ဝန်ဆောင်မှုများမှာ အဆင်မပြေဘဲ ဆက်လက်နှေးကွေးနေဆဲ ဖြစ်ကြောင်း သိရသည်။

လူထုက လက်ခံခြင်းမရှိသည့် ၎င်းတို့၏ တစ်ဖက်သပ် ရွေးကောက်ပွဲကို ကျင်းပရန် ရက်ပိုင်းအလိုတွင် အင်တာနက်လိုင်းများ ပြတ်တောက်နှေးကွေးမှု ဖြစ်ပေါ်ခဲ့ပြီး စစ်ကော်မရှင်က ပင်လယ်ရေအောက် ကေဘယ်ကြိုး ပြတ်တောက်ခြင်းကြောင့်ဟု ၎င်းတို့၏ ဝါဒဖြန့်သတင်းစာများမှတစ်ဆင့် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

“လိုင်းတွေက အခုထိ မကောင်းသေးဘူး။ Messenger ကနေ ပုံတစ်ပုံ ပို့မယ်ဆိုရင် ၁၀ မိနစ် လောက်ကြာမှ ပေါ်တယ်။ ကိုယ့်ဆီ ပုံပို့ရင်လည်း မမြင်ရဘဲ အဝိုင်းလည်နေတာပဲ ဖြစ်နေတယ်” ဟု အင်းစိန်မြို့နေ အမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စင်ကာပူနိုင်ငံမှ မြန်မာနိုင်ငံသို့ သွယ်တန်းထားသည့် UMO ပင်လယ်ရေအောက် ဖိုင်ဘာကေဘယ် ဆက်ကြောင်းသည် ပြီးခဲ့သည့် နိုဝင်ဘာ ၁ ရက်မှ စတင်ချို့ယွင်းခဲ့၍ အင်တာနက်လိုင်းများ နှေးကွေးနေရခြင်းဖြစ်ကြောင်း စစ်ကော်မရှင်က ဆိုသည်။

အဆိုပါ ဆက်ကြောင်းပြုပြင်ခြင်းကို ဒီဇင်ဘာလကုန်တွင် ပြီးစီးမည်ဟု ပြောဆိုထားသော်လည်း လက်ရှိတွင် ရန်ကုန်၊ မန္တလေးနှင့် ဧရာဝတီတိုင်းအပါအဝင် မြို့ကြီးများ၌ ယခင်ထက်ပင် ပိုမိုဆိုးရွား လာကြောင်း သိရသည်။

“လူသုံးများတဲ့ ညနေ ကနေ ညအထိဆိုရင် အဝိုင်းပဲလည်နေတာ။ စာတက်ရင် ပုံမတက်ဘူး။ VPN လည်း ချိတ်မရဘူး။ အွန်လိုင်းက ရုပ်ရှင်ကြည့်ဖို့ ဝယ်ထားတဲ့စက်လည်း ၁၁ လပိုင်းကတည်းက ကြည့်လို့မရတော့တာ” ဟု သန်လျင်မြို့ခံတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

အလားတူ ယခင်က အင်တာနက်လိုင်း အနည်းငယ်အဆင်ပြေခဲ့သည့် ပြင်ဦးလွင်မြို့တွင်ပါ လက်ရှိ၌ အင်တာနက်လိုင်းများ အဆင်မပြေဖြစ်နေကြောင်း မြို့ခံများက ဆိုသည်။

စစ်ကော်မရှင်သည် တရုတ်နိုင်ငံ၏ နည်းပညာကို အသုံးပြု၍ အင်တာနက် စောင့်ကြည့် ထောက်လှမ်းရေးနှင့် ပိတ်ပင်ရေးဆိုင်ရာ “မဟာရံစနစ်” (Great Firewall) ကို Geedge ဘက်စုံ နည်းပညာဖြင့် အကောင် အထည်ဖော်ကာ ဒစ်ဂျစ်တယ်ဖိနှိပ်မှုများ ပြုလုပ်နေကြောင်း Justice For Myanmar (JFM) က ထုတ်ပြန်ထားသည်။