ဟိန်းစံ/ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၆ ရက်
စစ်ကောင်စီတပ်၏ အမှတ် – ၂၁ ကာကွယ်ရေးပစ္စည်း ထုတ်လုပ်ရေးစက်ရုံ( ကပစ၂၁)တပ်မှာ မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်၊ ရှောက်ပင်အင်းရွာတွင် တည်ရှိသည်။ အဆိုပါစက်ရုံသည် စစ်ကောင်စီအတွက် လေယာဉ်ဗုံးသီးများနှင့် လက်နက်ကြီးဗုံးသီးများ အဓိကထုတ်လုပ်သည့်စက်ရုံဖြစ်သည်။
ပြီးခဲ့သည့် သြဂုတ်လ ၁၄ ရက်နေ့က ည ၉ နာရီခန့်တွင် အဆိုပါ ကပစ ၂၁ တပ်အတွင်းရှိလက်နက်ထုတ်လုပ်ရေး စက်ရုံတခု ပေါက်ကွဲခဲ့ပြီး မီးလောင်မှုဖြစ်ပွားခဲ့သည် ။အဆိုပါတပ်မှစက်ရုံမှူးသည် ဗိုလ်မှူးကြီး တင်မောင်သွင်ဖြစ်ပြီး ယင်းပေါက်ကွဲမှုအား ပြည်သူ့ကာကွယ်ရေးတပ် – PDF များက ဒရုန်းဖြင့် ဗုံးလာကြဲသည်ဟု နေပြည်တော်ရှိ စစ်ရုံးချုပ်အပါအဝင် အထက်ဌာနများကို တင်ပြခဲ့ကြောင်း စစ်ဘက် သတင်းရင်းများထံက သိရသည်။
သို့သော် ယင်းလက်နက်စက်ရုံ ပေါက်ကွဲမှုနှင့်မီးလောင်မှုသည် PDF များလက်ချက်ကြောင့် မဟုတ်ဘဲ တပ်တွင်းရှိ အောက်ခြေစစ်သည်များကို အနားမပေးဘဲ ဖိအားပေးခိုင်းစေမှုများအပေါ် မကျေနပ်သည့်အတွက် ကပစ ၂၁ ရှိ အောက်ခြေစစ်သားများက မတော်တဆပုံစံဖြင့် ၎င်းတို့ကိုယ်တိုင် ဖောက်ခွဲခဲ့ခြင်း ဖြစ်သည်ဟု ကပစတပ်တွင်းသတင်းရင်းမြစ်များက ပြောသည်။
”စက်ရုံမှူးက အောက်ခြေက အဲ့ဒီလိုလုပ်တယ်ဆိုရင် သူ့ကို ကြီးကြပ်ကွပ်ကဲမှုညံ့တယ်ဆိုပြီး အမှုလာပတ်မှာ စိုးလို့ PDF က ဒရုန်းနဲ့ဗုံးကြဲတယ်ဆိုပြီး တင်ပြတာ။ တကယ်က ကျနော်တို့တပ်ဖွဲ့အချင်းချင်းသိတာက ခိုင်းတာတွေက နေ့ရောညပါဖြစ်နေတော့ ဆန္ဒပြတဲ့ပုံစံနဲ့ မတော်တဆကွဲတာလိုလိုလုပ်ပြီး ဖောက်ခွဲတာ”ဟု ကပစ ၂၁ တပ်နှင့်နီးစပ်သည့်စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
အာဏာသိမ်း စစ်ကောင်စီတပ်သည် စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ကချင်ပြည်နယ်၊ ကရင်နီ (ကယား) ပြည် နယ်နှင့် ကရင်ပြည်နယ်တို့တွင် မြေပြင်တိုက်ပွဲများ၌ ၂၀၂၁ ခုနှစ် နှစ်ကုန်ပိုင်းမှစ၍ ပြီးခဲ့သည့် သြဂုတ်လအထိ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သလို ရဟတ်ယာဉ်များ၊ တိုက်လေယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။
ထိုသို့ တိုက်ပွဲများတွင် အသုံးပြုနေသည့် တိုက်လေယာဉ်ဗုံးသီးများနှင့် လက်နက်ကြီးဗုံးသီးများကို ကာကွယ်ရေးပစ္စည်း ထုတ်လုပ်ရေးစက်ရုံ (ကပစ) တပ်များဖြစ်သည့် မကွေးတိုင်း၊ အထက်မင်းလှအခြေစိုက် ကပစ ၁၀၊ ငဖဲမြို့နယ်အခြေစိုက် ကပစ ၁၄၊ ဆိပ်ဖြူမြို့နယ်အခြေစိုက် ကပစ ၂၁၊ ကျောမြို့အခြေစိုက် ကပစ ၂၃ စသည့်တပ်များမှ အဓိကထုတ်လုပ်ပေးနေခြင်း ဖြစ်သည်။
အဆိုပါ ကပစ တပ် ၄ ခုသည် ကာကွယ်ရေးပစ္စည်း ထုတ် လုပ်ရေးအရာရှိချုပ်ရုံး (ကကထုတ်)၊ ဒုံးလက်နက်ဌာနကြီး (ကကထုတ် အမှတ် ၆ ဌာနကြီး) မှ ကိုင်တွယ်ကြီး ကြပ်ကွပ်ကဲသည့် ကပစ တပ်များဖြစ်သည်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ စစ်အာဏာသိမ်းမှုနောက် ပိုင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဦးဆောင်သည့် အာဏာသိမ်းစစ်တပ်ကို ကချင်၊ ကရင်၊ ကရင်နီ (ကယား)၊ မကွေး၊ စစ်ကိုင်းနှင့် ချင်းပြည်နယ်တို့အပါ အဝင် ဒေသအနှံ့အပြားမှ ပြည်သူများက လက်နက် ကိုင်ကာ ခုခံတိုက်ခိုက်ခဲ့ကြသည်။
ဒေသအသီးသီးမှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – PDF များ၏ခုခံတိုက်ခိုက်မှုကြောင့် အာဏာသိမ်း စစ်တပ်အနေဖြင့် အထိအခိုက်၊ အကျအဆုံးများခဲ့သလို စစ်သည်အင်အား လိုအပ်ချက်လည်း ယခင်ထက် ပိုများလာခဲ့သည်။
စစ်တပ်ထဲ ဝင်ရောက်သူ မရှိသလောက်နည်းပါးနေချိန်တွင် နေရာအနှံ့အပြား၌ တိုက်ခိုက်မှုများ ရင်ဆိုင်နေရသဖြင့် စစ်တပ်ခေါင်းဆောင်များက တိုက်ခိုက်ရေးတပ်များသာမက ကပစကဲ့သို့ လက်ရုံးတပ်များမှ စစ်လက်နက် ပစ္စည်းထုတ်လုပ်ရေးစစ်သည်များကိုပါ ထုတ်နှုတ်၍ ရှေ့တန်းသို့ ပို့ဆောင်ခြင်း၊ မြို့များ၌ လုံခြုံရေးတာဝန်ခိုင်းစေခြင်းများ ပြုလုပ်ခဲ့သည်။
စစ်ကောင်စီတပ်၏ ကပစတပ်အားလုံးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ သာင်း ၆ ထောင် ဝန်းကျင်ရှိပြီး စစ်ခေါင်းဆောင်များက အဆိုပါအရေအတွက်၏ ၄ ပုံ ၁ ပုံခန့်ဖြစ်သော စစ်သည်အင်အား ၆ ထောင်ကျော်ကို ကပစတပ်များမှ ဆွဲထုတ်၍ စစ်ဆင်ရေးနှင့် နယ်မြေလုံခြုံရေးတာဝန်များ ခိုင်းစေ အသုံးပြုခဲ့ကြောင်း စစ်ဘက်သတင်းရင်းမြစ်များထံက သိရသည်။
”လက်နက်ခဲယမ်းနဲ့ဆက်စပ်ပစ္စည်းထုတ်တဲ့ ကပစတပ်အားလုံးဆို တပ်ပေါင်း ၃၀ ကျော် ရှိတယ်။ တပ်တခုနဲ့ တခုက ဖွဲ့စည်းပုံနဲ့ အင်အားတော့ မတူဘူး။ ကပစတပ်အားလုံးဆိုရင် အရာရှိ ၆၀၀၀ နဲ့ အခြားအဆင့် ၂၀၀၀၀ လောက် ရှိတယ်။ အဲ့ဒီထဲကမှ ထုတ်လုပ်ရေးစစ်သား ၄ ပုံ ၁ ပုံလောက်ကို ထုတ်လုပ်ရေး မခိုင်းနိုင်တော့ဘူး။ တခြား လုံခြုံရေးနဲ့စစ်ဆင်ရေးတွေမှာ ထုတ်နှုတ်သုံးစွဲနေရတယ်’ ဟု ကပစတပ်တွင် တာဝန်ထမ်းဆောင် ဖူးသည့် CDM တပ်မတော်အရာရှိတဦးက ရှင်းပြသည်။
အာဏာသိမ်း စစ်ကောင်စီတပ်များသည် တိုက်ပွဲများ၌ လက်နက်ကြီး အမြှောက်ဆံဗုံးသီးနှင့်တိုက်လေယာဉ် ဗုံးသီး အမြောက်အများအသုံးပြု၍ တိုက်ခိုက်နေသည့်အတွက် စစ်ဆင်ရေးများတွင် ဗုံးသီးလိုအပ်ချက်က ပိုများလာခဲ့သည်။
ကပစတပ်တွင်းသတင်းရင်းမြစ်များအဆိုအရ တိုက်လေယာဉ်ဗုံးသီးနှင့်လက်နက်ကြီးဗုံးသီးများ လိုအပ်ချက်မှာ ယခင်ထက် ၂ ဆများပြားခဲ့ပြီး အဆိုပါ ဗုံးသီးများကိုထုတ်လုပ်ပေးနေသည့် ကပစ တပ်များကိုလည်း စစ်ခေါင်းဆောင်များက ယခင်သတ်မှတ်အရေ အတွက်ထက် ၂ ဆခန့် ပိုမိုတောင်းခံခဲ့ကြောင်း သိရသည်။
”အဓိကတော့ 120 mm၊ 122 mm ဗုံးသီးထုတ်တဲ့ ကပစ ၁၀ ပါမယ်၊ လေယာဉ်ဗုံးအကြီးစားထုတ်တဲ့ ကပစ ၂၁ ပေါ့။ ဒါတွေအများဆုံးသုံးနေရတာဆိုတော့။ နောက် ကပစ ၁၄ ၊ ၂၃ ဒီတပ်တွေကို ဗုံးသီးလိုအပ်ချက်များလို့ ဆိုပြီး အရင်ထက်ကို ၂ ဆလောက် အထက်က တောင်းခံနေတာတွေရှိတယ်။ အောက်က လူကြီးတွေကလည်း သူတို့ကိုယ်တိုင်လုပ်ရတာမှ
မဟုတ်တာ ။ အောက်ခြေကိုဘဲ ပြန်ခိုင်းတာဆိုတော့ အောက်ခြေက ၂ ဆလောက် လုပ်ရတာပေါ့၊ နေ့တွေရော ညတွေရော စက်ရုံဆင်းနေရတာတွေ ရှိတယ်။ အရင်ထက် ၂ ဆလောက်လုပ်ရတာ ကတော့ တပ်အားလုံးနီးပါးပဲ”ဟု လုံခြုံရေးအရ တပ်အမည်မဖော်လိုသူ မကွေးတိုင်းရှိ ကပစတပ်တခု၏ စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးက ရှင်းပြသည်။
ကပစ စက်ရုံများ၌ စစ်လက်နက်ပစ္စည်း ထုတ်လုပ်သည့်စစ်သည်အင်အား ၄ ပုံ ၁ ပုံခန့် လျော့နည်းနေချိန်တွင် တိုက်လေယာဉ်ဗုံးသီးနှင့်လက်နက်ကြီးဗုံးသီးများကို စစ်ခေါင်းဆောင်များက ၂ ဆ တောင်းသဖြင့် ကပစတပ်မှ စက်ရုံမှူး စစ်အရာရှိကြီးများမှာ အောက်ခြေစစ်သားများကို နားရက်မပေးဘဲ ဖိအားပေးခိုင်းစေကာ စစ်လက်နက်များ ထုတ်လုပ်စေခဲ့သည်။
“လေယာဉ်ဗုံးတွေကို အရင် ဘတ်ဂျက်လျာထား ချက်တွေထက် အလုံးရေ ၂ ဆ လောက် ထုတ်ပေးဖို့ တောင်းနေတော့ အောက်ကဘယ်ခံနိုင်တော့မလဲ။ အရင်ထက်တောင် လူတွေက ခွဲပေးနေရတဲ့ အခြေအနေမှာ ကျန်တဲ့လူနဲ့ ၂ ဆလုပ်ဖို့ဆိုတာမလွယ်ဘူးလေ။ စက်ရုံမှူးတွေကလည်း အထက်က ၂ဆဆိုတာနဲ့လိုက်ပြီး ၂ ဆ ထုတ်ခိုင်းနေကြတာ။ အောက်ကကောင်တွေကသေတော့မှာ”ဟု ကပစ ၂၁ တပ်နှင့်နီးစပ်သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။
ကပစ ၂၁ တပ်သည် လက်ရှိစစ်ကောင်စီလေတပ်မှ ဗုံးကြဲတိုက်ခိုက်နေသည့် အကြီးစားဗုံးသီး (Air Craft) များကိုအဓိကထားထုတ်လုပ်ပေးနေပြီး 250 Kg၊ 260 Kg၊ 268 Kg၊ 500 Kg စသည့် ဗုံးသီးများကိုထုတ်လုပ် ပေးနေသောတပ်ဖြစ်ကြောင်း တပ်တွင်းသတင်းရင်းမြစ်များက ပြောသည်။
စစ်လက်နက်ဗုံးသီးများ ၂ ဆတောင်းခံမှုကြောင့် လက်နက်ထုတ်လုပ်ရေးစစ်သည်များ နားရက်မရှိ အလုပ်ဆင်း ခဲ့ရသည့်နောက် သြဂုတ်လ ၁၄ ရက်နေ့တွင် ကပစ ၂၁ တပ်ရှိ လက်နက်စက်ရုံ ပေါက်ကွဲမီးလောင်မှု ပေါ်ပေါက်ခဲ့သည်။
အဆိုပါ ပေါက်ကွဲမှုကို အောက်ခြေရှိ ကပစ ၂၁ စက်ရုံမှူး ဗိုလ်မှူးကြီး တင်မောင်သွင်က PDF များက စက်ရုံကို ဒရုန်းဖြင့်လာရောက် ဗုံးကြဲခဲ့သည့်အတွက် မီးလောင်ပျက် စီးခဲ့သည်ဟု တပ်မတော် ကာကွယ်ရေးပစ္စည်း ထုတ်လုပ်ရေးအရာရှိချုပ်ရုံး (ကကထုတ်) အပါအဝင် နေပြည်တော်ရှိ စစ်ခေါင်းဆောင်များထံ တင်ပြခဲ့သည်။
နေပြည်တော်ရှိ ကကထုတ်ဌာနသည် ကပစ ၂၁ တပ်ရင်းမှူး၏တင်ပြချက်အပေါ် သံသယရှိသည့်အတွက် စစ်လက်နက်ထုတ်လုပ်ရေးတွင် နံပါတ် ၂ ခေါင်းဆောင်ဖြစ်သည့် ဒုတိယ ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေး အရာရှိချုပ် ဗိုလ်ချုပ် မျိုးအောင်ကိုယ်တိုင် ယင်းကိစ္စကို လာရောက်စစ်ဆေးခဲ့သည်။
ကပစ ၂၁ စက်ရုံအား တပ်တွင်းဖရဲသီး၊ အောက်ခြေတပ်သားနှင့် ဝန်ထမ်းများမှ ပူးပေါင်းလုပ်ဆောင်သည်ဟု စစ်ခေါင်းဆောင်များက ယူဆနေပြီး သံသယရှိသူ စစ်ကောင်စီတပ်သားများနှင့် အမျိုးသမီးဝန်ထမ်းများအား စစ်ဆေးမှုများ လုပ်ဆောင်ခဲ့ကြောင်း သတပ်တွင်းသတင်းရင်းမြစ်များထံက သိရသည်။
“ကပစ ၂၁ စက်ရုံ မီးလောင်ပေါက်ကွဲတဲ့ဖြစ်စဉ်က ကိုယ့်လူပဲ ပြန်လုပ်တာလား၊ မတော်တဆလား၊ PDF လက်ချက်လားဆိုတာ စုံခုံဖွဲ့စစ်တယ်။ စစ်တာမှ ဒုထုတ်ချုပ် ဗိုလ်ချုပ်မျိုးအောင်ကိုယ်တိုင် လာစစ်တာ”ဟု ကပစ ၂၁ တပ်နှင့်နီးစပ်သည့် စစ်ကောင်စီတပ်သားတစ်ဦးက ဆိုသည်။
မကွေးတိုင်းရှိ ကပစတပ်များကို ဒရုန်းဖြင့် ဗုံးကြဲတိုက် ခိုက်မှုများ လုပ်ဆောင်ခြင်းမရှိသေးကြောင်း စစ်ကောင်စီတပ်ကို ဒရုန်းများဖြင့် တိုက်ခိုက်နေသည့် Federal Wings PDF တပ်ဖွဲ့ ဦးဆောင်သူတစ်ဦးက ပြောသည်။
“ကျနော်တို့ ဒရုန်းမှာတပ်ပြီးကြဲတဲ့ဗုံးတွေက ထိတာနဲ့ကွဲအောင်လုပ်ထားတာ။ ကပစ စက်ရုံတွေကို ဗုံးကြဲမယ် ဆိုရင်တောင် စက်ရုံခေါင်မိုးထိတာနဲ့ ပေါက်ကွဲမှာ။ အောက်က စက်ရုံထဲကပစ္စည်းတွေ ပေါက်ကွဲစရာ မရှိပါဘူး။ ပြီးတော့ မကွေးဘက်မှာက ဒီလိုမျိုး ကပစစက်ရုံတွေ ဒရုန်းနဲ့ဗုံးကြဲတဲ့မစ်ရှင်တွေ လုပ်ဆောင်တာ မရှိသေး ပါဘူး။ သူတို့စစ်ခေါင်းဆောင်တွေ မတရားခိုင်းတာကို အောက်ခြေစစ်သားတွေက မကျေနပ်လို့ သူတို့ဘာသာ စက်ရုံကို ဖောက်ခွဲတာပဲ ဖြစ်မှာပါ”ဟု သူက ပြောသည်။
ကပစ တပ်များတွင် ဖိအားပေးစေခိုင်းမှုအပေါ် အောက် ခြေစစ်သားများက ရည်ရွယ်ချက်ရှိရှိ ဖောက်ခွဲမှုများ ပြုလုပ်ကာ ဆန္ဒပြမှုများရှိခဲ့သော်လည်း စက်ရုံမှူးများက မတော်တဆမှုများအဖြစ်သာ အထက်ကို တင်ပြခဲ့သည့်ဖြစ်စဉ်များ ရှိခဲ့သည်ဟု ကပစတပ်၌ ၁၀ နှစ်ကျော် တာဝန်ထမ်းဆောင်ခဲ့ဖူးသူ CDM ဗိုလ်ကြီး ဇင်ယော်က ပြောသည်။
”ဒီဖြစ်စဉ်တွေက အရင်ထဲကရှိတယ်။ အောက်က ကိုယ့်ဘာသာကို ပြန်လုပ်တာတွေလည်း ရှိတယ်။ မတော်တဆ ဖြစ်တာတွေလည်း ရှိတယ်။ ၂၀၀၀ ခုနှစ်လောက်က ကပစ ၅ မှာ ယမ်းချက်စက်ရုံတစ်ရုံ မီးလောင်ပြီးတော့ ရုံတရုံလုံး ပျောက်သွားတဲ့ဖြစ်စဉ်မျိုးတွေ ဖြစ်ခဲ့တယ်။ အဲဒီတုန်းကလည်း ဒီလိုဘဲ အောက်ကရဲဘော်က မကျေနပ်လို့လုပ်တာလိုလို၊
မတော်တဆလိုလိုနဲ့။ စုံခုံဖွဲ့အစစ်ခံရတော့ စစ်ရုံမှူးကမိုး/ဇလဌာနနဲ့သွားညှိတယ်။ ညှိပြီးတော့မှ အဲ့ဒီစက်ရုံရဲ့အောက်တည့်တည့်မှာ အင်အားဘယ်လောက်ရှိတဲ့ ငလျင်တစ်ခု လှုပ်သွားပါတယ်၊ အဲဒါကြောင့်ပေါက်ကွဲတာပါဆိုပြီး ထွက်ဆိုချက်ပေးပြီး စုံခုံကို ပိတ်လိုက်ရတယ်။ DI (ကပစ) ကကောင်တွေက အပေါ်က စွတ်ခိုင်းလာပြီးဆို အဲ့ဒီလိုပြန်လုပ်တတ်တဲ့အကျင့်ရှိတယ်”ဟု ဗိုလ်ကြီး ဇင်ယော်က ရှင်းပြသည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ အာဏာသိမ်းစစ်တပ်သည် ဘက်ပေါင်းစုံမှ အကြပ်အတည်းများကြောင့် အောက်ခြေစစ်သည်များ တပ်ကိုစွန့်ခွာထွက်ပြေးမှု၊ အမိန့်မနာခံမှုများ ဖြစ်ပေါ်နေသလို နောက်တန်းမှ လက်နက် ထုတ်လုပ်ရေးစစ်သည်များ၏ဆန့်ကျင်မှုများကိုလည်း ရင်ဆိုင်နေရပြီဖြစ်သည်။
#ကပစ #လက်နက်စက်ရုံး #ဗုံးသီး #မကွေးတိုင်း #ပေါက်ကွဲမှု #Ayeyarwaddy_Times