နို၀င်ဘာ ၁၅ ရက်
ဧရာ၀တီတိုင်း၊ အင်္ဂပူမြို့နယ်မှ ရန်ကုန်မြို့သို့သွားရောက်အလုပ်လုပ်မည့်လူငယ်နှစ်ဦးကို စစ်တပ်က ကားကြုံလိုက်ရန် ခေါ်ဆောင်သွားပြီးနောက် စစ်ထဲထည့်ခဲ့သည့်အတွက် မိသားစုနှင့် အဆက်အသွယ် ပြတ်တောက်နေကြောင်း သတင်းရရှိသည်။
ပြီးခဲ့သည့် စက်တင်ဘာလအတွင်းက အင်္ဂပူမြို့နယ်၊ ပိန္နဲကွင်းအုပ်စု၊ ကြက်ပေါင်ကုန်းကျေးရွာမှ အသက် ၃၀ ဝန်းကျင်အရွယ်ရှိ ဖိုးသံချောင်းနှင့် ကုလားတို့မှာ ရန်ကုန်မြို့သို့ အလုပ်သွားလုပ်ရန် ပိန္နဲကွင်းအုပ်ချုပ်ရေးမှူး ဦးစိုးသိန်းထံတွင် ထောက်ခံစာသွားယူခဲ့ကြောင်း သိရသည်။
အုပ်ကြီး ဦးစိုးသိန်းမှ ဖိုးသံချောင်းနှင့်ကုလားတို့နှစ်ဦးအား ရန်ကုန်ကားဂိတ်သွားရန် ကွင်းကောက်တပ်မှ ဗိုလ်မှူးခိုင်မင်းထွန်း၏ကားဖြင့် လမ်းကြုံထည့်ပေးလိုက်ကြောင်း၊ ကားကြုံလိုက်လာသည့်ရွာသား ၂ ဦးကို ဗိုလ်မှူးခိုင်မင်းထွန်းက ကားဂိတ်မပို့ဘဲ စစ်ထဲထည့်လိုက်သဖြင့် မိသားစုနှင့် အဆက်အသွယ် ပြတ်တောက်နေကြောင်း ဒေသခံများထံမှ သိရသည်။
“ဖိုးသံချောင်းနဲ့ကုလားက ကြက်ပေါင်ကုန်းရွာက ဦးပွားရဲ့သားနဲ့သားမက်ပါ။ သူတို့က ရန်ကုန်သွားဖို့ အုပ်ကြီး စိုးသိန်းဆီမှာ ထောက်ခံစာသွားလုပ်တာ။ အုပ်ကြီးက မင်းတို့ရန်ကုန်ကားဂိတ်သွားဖို့ လမ်းကြုံလိုက်သွားဆိုပြီး စစ်ကားနဲ့ လမ်းကြုံထည့်ပေးလိုက်တာ။ အဲ့ရွာသား ၂ ယောက်ကို ဗိုလ်မှူးခိုင်မင်းထွန်းက ကားဂိတ်မပို့ဘဲ စစ်ထဲထည့်လိုက်တာ မိသားစုနဲ့အဆက်အသွယ်မရတာ ၂ လ ရှိနေပြီ”ဟု ကြက်ပေါင်ကုန်းရွာနှင့်နီးစပ်သူ အင်္ဂပူဒေသခံတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
ဗိုလ်မှူးခိုင်မင်းထွန်းမှာ ကွင်းကောက်မြို့ရှိ အမှတ် ၅ တပ်မတော်တန်းမြင့်သင်တန်းကျောင်း (တကက – ၅) မှ အရာရှိဖြစ်ပြီး ပိန္နဲကွင်းအုပ်ချုပ်ရေးမှူး စိုးသိန်းနှင့်ပူးပေါင်း၍ စစ်သားစုဆောင်းခြင်း၊ စစ်မှုထမ်းကြေး ကောက်ခြင်း၊ ဒေသခံ များကို အဓမ္မဖိအားပေး၍ ပြည်သူ့စစ်သင်တန်းတက်ခိုင်းခြင်းများ ပြုလုပ်နေကြောင်း ဒေသခံများထံမှ သိရသည်။
ပိန္နဲကွင်းကျေးရွာအုပ်စုတွင် ကျေးရွာ ၁၅ ရွာရှိပြီး အုပ်ကြီးစိုးသိန်း၊ ခြင်ကိုက်ကွင်းရာအိမ်မှူး ဇော်မိုး၊ တောင်ဇင်း ရာအိမ်မှူးစိုးသူတို့ပူးပေါင်း၍ ကျေးရွာအုပ်စုအတွင်းရှိ အိမ်ထောင်စု ၁၀၀၀ ကျော်အား စစ်မှုထမ်းကြေး လစဥ်ငွေ ၃ သောင်းကျပ် ကောက်ခံခဲ့ကြောင်း၊ ငွေပေးနေသည့်ကြားမှ ဖိုးသံချောင်းနှင့်ကုလားကို စစ်ထဲထည့်လိုက်သည့် ကိစ္စအပေါ် ဒေသခံများက မကျေမနပ်ဖြစ်နေကြောင်း သိရသည်။
“ဒေသခံတွေက စစ်မှုထမ်းမလိုက်ရဖို့ လတိုင်းငွေပေးနေရတာ။ ပိန္နဲကွင်းအုပ်စုမှာ ရွာ ၁၅ ရွာ၊ အိမ်ထောင်စု ၁ ထောင်ကျော်လောက်ရှိတယ်၊ တအိမ် ၃ သောင်းကောက်တော့ တစ်လကို စစ်မှုထမ်းကြေး အနည်းဆုံး သိန်း ၃၀၀ ကျော်လောက် ပေးနေရတာ။ အဲ့ကြားထဲက အုပ်ကြီးစိုးသိန်းနဲ့ ဗိုလ်မှူးခိုင်မင်းထွန်းပေါင်းပြီး ဖိုးသံချောင်းနဲ့ကုလးကို စစ်ထဲထည့်လိုက်တာ။ သူတို့ မိဘတွေမှာ နေ့စဥ်နဲ့အမျှ စိတ်ဆင်းရဲနေကြတယ်။ ရွာကလည်း အဲ့ကိစ္စကို လုံးဝမကျေနပ်ဘူး”ဟု ကြက်ပေါင်ကုန်းရွာဖြစ်စဥ်ကို သိရှိထားသည့်အင်္ဂပူဒေသခံက ဆိုသည်။
ပြီးခဲ့သည့်စက်တင်ဘာလအတွင်းကလည်း စစ်ကော်မရှင်တပ်က ပိန္နဲကွင်းအုပ်စုရှိ တောင်စင်း၊ သံပုရာကုန်း၊ ကြက်ပေါင်ကုန်း၊ ကျီးပင်၊ ကျောက်တလုံး၊ ပိန္နဲကွင်း စသည့် ရွာ ၆ ရွာမှ တစ်ရွာလျှင် လူ ၇ ဦးနှုန်းဖြင့် အဓမ္မ ဖိအားပေးခေါ်ယူကာ ပြည်သူ့စစ်သင်တန်းတက်ခိုင်းခဲ့ကြောင်း သိရသည်။