
ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၄ ရက်
သမ္မတ ဂျိုးဘိုင်ဒင်အစိုးရက ထိုင်ဝမ်သို့ ဒေါ်လာ ၁ ဒသမ ၆၂ ဘီလီယံကျော်တန်ကြေးရှိ စစ်လက်နက်တွေ ရောင်းချမယ့်အစီအစဉ် အတည်ပြုပြီးနောက် တန်ပြန်အစီအမံတွေ လုပ်ဆောင်မယ်လို့ တရုတ်က အမေရိကန်နိုင်ငံကို သတိပေးလိုက်ပါတယ်။
တရုတ်-အမေရိကန်ဆက်ဆံရေး၊ ထိုင်ဝမ်ရေလက်ကြားတစ်လျောက် ငြိမ်းချမ်းရေးနဲ့တည်ငြိမ်မှုကို ဆိုး ရွားစွာ ထိခိုက်စေနိုင်တဲ့ လက်နက်ရောင်းချမယ့်အစီအစဉ်ကို တရုတ်နိုင်ငံက ခိုင်ခိုင်မာမာ ဆန့်ကျင်ပြီး ဆုံးဖြတ် ချက်ကို ချက်ချင်း ရုတ်သိမ်းဖို့ တရုတ်သံရုံး ပြောရေးဆိုခွင့်ရှိသူ လျူပန်ယုက ပြောကြားလိုက်ပါတယ်။
သင်္ဘောဖျက်ဒုံးကျည် ၆၀ စင်းနဲ့ ဝေဟင်-ဝေဟင်ခွင်းဒုံးကျည် ၁၀၀ ပါဝင်တဲ့ ထိုင်ဝမ်သို့ စစ်လက်နက် တွေ ရောင်းချမယ့်အစီအစဉ်ကို သမ္မတ ဂျိုးဘိုင်ဒင်အစိုးရက တရားဝင် ကွန်ဂရက်ထံ တင်ပြပြီးနောက် လျူက တွစ်တာလူမှုကွန်ရက်မှာ အခုလို မှတ်ချက်ရေးခဲ့တာပါ။
စစ်လက်နက်ရောင်းချတာဟာ ထိုင်ဝမ်သို့ ခုံခံကာကွယ် ရေးလက်နက်တွေ ပံ့ပိုးပေးနေတဲ့ မူဝါဒနဲ့အညီ ဖြစ်ပြီး ဒီစစ်လက်နက်တွေက ထိုင်ဝမ်ရဲ့ လုံခြုံရေးအတွက် မရှိမဖြစ် အရေးကြီးတယ်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောပါတယ်။
ဒါပေမယ့်လည်း ပြည်တွင်းရေးမှာ ဝင်ရောက်စွက်ဖက်နေတာလို့ တရုတ်က အမေရိကန်ကို စွပ်စွဲပါတယ်။ “ထိုင်ဝမ်သို့ စစ်လက်နက်တွေ ရောင်းချခြင်းအားဖြင့် အမေရိကန်က တရုတ်ပြည်တွင်းရေးမှာ ဝင်ရောက်စွက်ဖက်ပြီး တရုတ်ရဲ့ အချုပ်အချာအာဏာနဲ့ လုံခြုံရေးအကျိုးစီးပွားကို ထိခိုက်အောင်ပြုလုပ်နေတယ်” လို့ လျူက ပြောပါတယ်။
တရုတ်တစ်နိုင်ငံတည်း အခြေခံမူဝါဒ ကတိကဝတ်ကိုလေးစားဖို့ ၄င်းက အမေရိကန်နိုင်ငံကို တောင်းဆို လိုက်ပြီး တရုတ်နိုင်ငံက လိုအပ်တဲ့ တန်ပြန်အစီအမံတွေ လုပ်ဆောင်မယ်လို့ သတိပေးလိုက်ပါတယ်။
ပြီးခဲ့တဲ့လအတွင်း အမေရိကန်အောက်လွှတ်တော်နာယက နန်စီပလိုစီ ထိုင်ဝမ်သို့ သွားရောက်ပြီးနောက် ပိုင်း အမေရိကန်နဲ့တရုတ်ကြား တင်းမာမှုတွေ မြင့်တက်ခဲ့ပါတယ်။
စစ်လက်နက်များ ရောင်းချမှုကို ထိုင်ဝမ်က ကြိုဆိုလိုက်ပြီး လုံခြုံရေးကတိကဝတ် ဆက်လက်ပြီး အကောင်အထည်ဖော်ဆောင်မှုအတွက် ကျေးဇူးတင်ရှိတယ်လို့ ထိုင်ဝမ်က ပြောပါတယ်။
ဓာတ်ပုံ – အမေရိကန်အောက်လွှတ်တော်ဥက္ကဌ ထိုင်ဝမ်သို့လာရောက်လည်ပတ်စဥ်(ပုံဟောင်း)။
ကိုးကား – CNN
Ref; China warns of ‘counter-measures’ as US announces $1.62b arms sale to Taiwan