နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဩဂုတ် ၉ ရက်

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယခုနှစ် ၂၀၂၅ ခုနှစ်ကုန်၌ ကျင်းပမည်ဟု ကြေညာထားသော ရွေးကောက်ပွဲသည် နိုင်ငံရေးဖိနှိပ်မှု၊ တရားမဝင်ပါတီဖျက်သိမ်းခြင်းနှင့် ပြည်တွင်း စစ်မီးကြားမှ နိုင်ငံတကာ အသိအမှတ်ပြုမှု ရယူရန် ကြိုးပမ်းချက်တစ်ခု ဖြစ်နေသည်။

ထို့အပြင် စစ်အစိုးရ၏ ထိန်းချုပ်မှုအောက်မှ ပေါ်ပေါက်လာမည့် ရွေးကောက်ခံအစိုးရအဖွဲ့တွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က သမ္မတနေရာယူ၍ ၎င်း၏ ကာကွယ်ရေးဦးစီးချုပ်ရာထူးကိုမူ လူယုံတော် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး ကျော်စွာလင်းအား လွှဲပြောင်း ထားရှိလိမ့်မည်ဖြစ်ကြောင်း ဝေဖန်သုံးသပ်မှုများ ထွက်ပေါ်နေသည်။

“ဒီဟာတွေကို ကြည့်ရင်လည်း မဖြစ်နိုင်ဘူးလို့ ပြောမရဘူး။ သမ္မတလုပ်မယ့်သူက အမတ်ဖြစ်ဖို့ မလိုဘူးလေ။ နောက်ပြီး ယူနီဖောင်းချွတ် ဆင်းလာတဲ့သူတွေက ကျွန်တော်တို့လို ပါတီတွေဆီ မလာပါဘူး၊ ပြည်ခိုင်ဖြိုးပဲ သွားကြတာ” ဟု ယင်းရွေးကောက်ပွဲကို ဝင်ပြိုင်မည့် နိုင်ငံရေးပါတီတစ်ခုမှ ခေါင်းဆောင်တစ်ဦးက ဆိုသည်။

စစ်ခေါင်းဆောင်သည် ၎င်း၏ ရွေးကောက်ပွဲကို ပုံဖော်နိုင်ရန် ရည်ရွယ်၍ “ဒုတိယစာမျက်နှာ စတင်ပြီ” ဟု ပြောဆိုခဲ့သည်။ ၎င်းတို့အာဏာသိမ်း လေးနှစ်ခွဲကာလကိုမူ ပထမစာမျက်နှာအဖြစ် သတ်မှတ်ကာ အောင်မြင်စွာ ရင်ဆိုင်ကျော်လွှားနိုင်ခဲ့ကြောင်း စစ်ခေါင်းဆောင်က ဇူလိုင် ၃၀ ရက်တွင် ပြုလုပ်ခဲ့သော စစ်ကောင်စီအဖွဲ့ဝင်များကို နှုတ်ဆက်ပွဲ၌ ပြောကြားခဲ့ခြင်းဖြစ်သည်။

ယင်းနှုတ်ဆက်ပွဲသည် ‘ကာ/လုံ’ ဟု လူသိများသော အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီသို့ အာဏာလွှဲအပ်ခြင်း မတိုင်မီ တစ်ရက်အကြိုပြုလုပ်ခြင်းဖြစ်သလို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမည်ခံ စစ်ကောင်စီ၏ ခြောက်လတစ်ကြိမ် တိုးယူထားသည့် အာဏာသက်တမ်း ကုန်ဆုံးခြင်းလည်း ဖြစ်သည်။

◼️အာဏာလက်ပြောင်းရယူခြင်း

နာဂစ်မုန်တိုင်း အကြောင်းပြု၍ စစ်တပ်က တစ်ဖက်သတ် ရေးဆွဲပြဋ္ဌာန်းခဲ့သော ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ အဖွဲ့ဝင် ၁၁ ဦးထိ ပါဝင်သည့် ကာ/လုံကို လွန်ခဲ့သော ၁၄ နှစ်အကြာ ၂၀၁၁ ခုနှစ်၊ မတ်လ ၃၁ ရက်၌ စတင်ဖွဲ့စည်းခဲ့ပြီး လက်ရှိတွင် စစ်ခေါင်းဆောင်က အမြင့်ဆုံးရာထူးဖြစ်သော ယာယီသမ္မတတာဝန်ကို ရယူထားသည်။

စစ်ခေါင်းဆောင်သည် ၂၀၂၀ ရွေးကောက်ပွဲ ရလဒ်ကို မကျေနပ်၍ မဲမသမာမှု အကြောင်းပြချက်ဖြင့် အာဏာသိမ်းပြီးနောက် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အသုံးချကာ စစ်ကောင်စီဥက္ကဋ္ဌ၊ ယာယီသမ္မတ၊ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ကာချုပ်ရာထူးတို့ကို အာဏာသက်တမ်း အလီလီတိုးယူ၍ စစ်အုပ်ချုပ်ရေး ဖော်ဆောင်ခဲ့သည်။

ထိုမှတစ်ဆင့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ဇူလိုင် ၃၁ ရက်တွင် လူမစုံသည့် ကာ/လုံ အစည်းအဝေးကို ခေါ်ယူကျင်းပပြီး စစ်ကောင်စီအား ဖျက်သိမ်းခဲ့သည်။ ထိုသို့ဖျက်သိမ်းခဲ့သော်လည်း ၎င်းယာယီသမ္မတ တာဝန်ယူထားသော ‘ကာ/လုံ’ က ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး အာဏာတို့ကို ဆက်လက်ကိုင်တွယ်၍ ခြောက်လအတွင်း ရွေးကောက်ပွဲ ကျင်းပသွားမည်ဟု ထုတ်ပြန်ခဲ့သည်။

ယင်းအပြင် ကာ/လုံက ထပ်မံဖွဲ့စည်းပေးလိုက်သော စစ်ကော်မရှင် (နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်)တွင်လည်း ယာယီသမ္မတနှင့် ကာချုပ်ရာထူး ရယူထားသော စစ်ခေါင်းဆောင်က ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသောကြောင့် လက်ရှိအာဏာအားလုံးကို ၎င်းတစ်ဦးတည်းကပင် ဆုပ်ကိုင်ထားဆဲဖြစ်သည်။

◼️မပြောင်းလဲသည့်အပြောင်းအလဲ

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဖြစ်ပေါ်လာသော ကာ/လုံတွင် ယခင်ကမရှိဖူးသော ရုံးအဖွဲ့ကို ဖွဲ့စည်း၍ စစ်ခေါင်းဆောင်က ၎င်းနှင့်အတူ တာဝန်ထမ်းဖူးသည့် စစ်ကောင်စီ အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး အောင်လင်းဒွေးကို စစ်ဘက်ရာထူးမှ အနားပေးကာ အမှုဆောင်ချုပ်အဖြစ် ပြောင်းလဲ ခန့်အပ်ခဲ့သည်။

စစ်တက္ကသိုလ် အပတ်စဉ် (၂၅) ကျောင်းဆင်းဖြစ်သော ဗိုလ်ချုပ်ကြီး အောင်လင်းဒွေးသည် ယခင်က ဒေသကွပ်ကဲရေးမှူး – ဒကစမှူး (စစ်တွေ)၊ စစ်တက္ကသိုလ် အောင်ဇေယျ ဗိုလ်လောင်းတပ်ရင်းမှူး အပါ အဝင် တာဝန်များ ထမ်းဆောင်ဖူးပြီး လက်ရှိဖွဲ့စည်းလိုက်သော စစ်ကော်မရှင်၌လည်း အဖွဲ့ဝင်အဖြစ် ပါဝင်လာခဲ့သည်။

ထို့အတူ ဗိုလ်သင်တန်း (OTS) အပတ်စဉ် (၇၇) ကျောင်းဆင်းဖြစ်သော စစ်ခေါင်းဆောင်၏ လူယုံတော် ယခင်စစ်ကောင်စီ တွဲဘက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦးကိုလည်း ကာ/လုံရုံး တွဲဖက် အမှုဆောင်ချုပ်နှင့် စစ်ကော်မရှင် အတွင်းရေးမှူးအဖြစ် ရာထူးတိုး နေရာပေးခဲ့သည်။

၎င်းသည် လက်ရှိ စစ်အစိုးရသစ်၏ ကာကွယ်ရေးဝန်ကြီးနှင့် စစ်ကော်မရှင်အဖွဲ့ဝင် ဗိုလ်ချုပ်ကြီး မောင်မောင်အေးနှင့် ခမည်းခမက်တော်စပ်ကာ ယခင်က စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ်အဖြစ် တာဝန်ယူ၍ နိုင်ငံတကာ သံတမန်များနှင့် စစ်ခေါင်းဆောင် တွေ့ဆုံတိုင်း အမြဲပါလေ့ရှိသူဖြစ်သည်။

ထို့အပြင် ကာ/လုံရုံး ဒုတိယဝန်ကြီးအဖြစ် ဦးခင်လတ်အား ခန့်အပ်၍ ဗဟိုအကြံပေးအဖွဲ့ကိုလည်း ယခင်စစ်ကောင်စီအဖွဲ့ဝင်ဟောင်းများအပါအဝင် ၁၅ ဦးဖြင့် ပြန်လည်ဖွဲ့စည်းခဲ့ရာ ယင်းဖွဲ့စည်းမှု များသည် စစ်အာဏာရှင်အဆက်ဆက်တို့ လုပ်ဆောင်ခဲ့သော ပုံသေနည်းဟောင်းတစ်ခုသာဖြစ်ကြောင်း လေ့လာသူတို့က ထောက်ပြသည်။

◼️ကာချုပ်နေရာလူယုံတော်ကစား

တစ်ကိုယ်တော် အာဏာဆုပ်ကိုင်ထားသည့် စစ်ခေါင်းဆောင်က စစ်အစိုးရသစ်ကို ဝန်ကြီးဌာန ၃၀ ခုဖြင့် ဖွဲ့စည်းခဲ့ပြီး ၎င်းလူယုံတော်များအနက် ဗိုလ်ချုပ်ကြီး ညိုစောကို စစ်ဘက်မှ အရပ်ဘက်ရာထူးများသို့ ပြောင်းရွှေ့ကာ ဝန်ကြီးချုပ်အပြင် အမျိုးသားစီမံကိန်းဝန်ကြီးနှင့် စစ်ကော်မရှင်အဖွဲ့ဝင်အဖြစ် တာဝန်ပေးခဲ့သည်။

ဗိုလ်ချုပ်ကြီး ညိုစောသည် စစ်တက္ကသိုလ် အပတ်စဉ် (၂၃) ကျောင်းဆင်းဖြစ်ပြီး ယခင် စစ်ကောင်စီအဖွဲ့ဝင်နှင့် အကြံပေးအပြင် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC)၊ စစ်တပ်ပိုင် အင်းဝဘဏ် ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့ကာ ရုရှားနိုင်ငံမှ စက်သုံးဆီဝယ်ယူရေးအား ဦးဆောင်ခဲ့သူလည်း ဖြစ်နေသည်။

ယင်းအပြင် တပ်ဖွဲ့စည်းပုံအရ အဆင့်သုံးနေရာဖြစ်သော ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး ကျော်စွာလင်းကိုလည်း စစ်ခေါင်းဆောင်နှင့် ဒုစစ်ခေါင်းဆောင်တို့က ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ ရာထူးများ ရယူထားသော စစ်ကော်မရှင်၌ အဖွဲ့ဝင်အဖြစ် ထပ်တိုးတာဝန်ပေးခဲ့သည်။

စစ်ရေးအတွေ့အကြုံမရှိသော ဗိုလ်ချုပ်ကြီး ကျော်စွာလင်းသည် စစ်တက္ကသိုလ် အပတ်စဉ် ၃၅ ကျောင်းဆင်းဖြစ်ပြီး ယခင်စစ်ဦးစီးအရာရှိချုပ် (ကြည်း) နှင့် စစ်ထောက်ချုပ်အဖြစ် တာဝန် ထမ်းဆောင်ဖူးသလို ၎င်းသည် ကာချုပ်နေရာဆက်ခံမည့်သူဟု လတ်တလော၌ ရေပန်းစား ထင်ကြေး ပေးခံနေရသည်။

◼️ကြံ့ခိုင်ရေးအနိုင်ရရေးရွေးကောက်ပွဲ

ရွေးကောက်ပွဲကော်မရှင်ကိုလည်း ဦးသန်းစိုး ဦးဆောင်သော ၁၄ ဦးဖြင့် အသစ်ပြင်ဆင်ဖွဲ့စည်း၍ ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေတို့ကို ထုတ်ပြန်ကာ ရွေးကောက်ပွဲအား လာမည့် ဒီဇင်ဘာလ တတိယပတ်နှင့် စတုတ္ထပတ်၊ ၂၀၂၆ ခုနှစ် ဇန်နဝါရီ ပထမပတ်နှင့် ဒုတိယပတ်တို့တွင် လေးပိုင်းခွဲ ကျင်းပသွားမည်ဟု သိရသည်။

အဆိုပါဥပဒေ၊ နည်းဥပဒေတို့အရ စစ်ခေါင်းဆောင် ကျင်းပသွားမည့် ရွေးကောက်ပွဲကို ပြည်သူ့လွှတ်တော်အတွက် FPTP (နိုင်သူအကုန်ယူ)၊ အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသကြီး လွှတ်တော်များအတွက် PR (အချိုးကျကိုယ်စားပြု) နှင့် FPTP တို့ ရောနှောပေါင်းစပ်စနစ် ကျင့်သုံးမည်ဖြစ်သည်။

ပြည်သူ့လွှတ်တော်အတွက် FPTP စနစ်သည် ယခင်ရွေးကောက်ပွဲနည်းအတိုင်း မဲဆန္ဒနယ်အလိုက် ကိုယ်စားလှယ်တစ်ဦးကို တိုက်ရိုက်ရွေးချယ်ရခြင်းဖြစ်၍ ပြဿနာမရှိသော်လည်း ကျန်ရှိလွှတ်တော်များ အတွက် ကျင့်သုံးမည့်စနစ်သည် ရှုပ်ထွေးပြီး နားလည်ရခက်သည်ဟု စစ်အုပ်စု၏ ရွေးကောက်ပွဲ ဝင်ရောက်မည့် နိုင်ငံရေးပါတီများအကြား ဝေဖန်လျက်ရှိသည်။

“အဲဒါ ကျွန်တော်ထင်တာကတော့ သူတို့ (USDP) အနိုင်ရအောင် ပါတီလေးတွေရဲ့ အသံကို နားမထောင်ချင်၊ မျက်ကွယ်ပြုချင်လို့ အရင်က ပြည်သူ့လွှတ်တော်ကို PR လုပ်မယ်ပြောပြီး အခုမလုပ် တော့တာ” ဟု တိုင်းအဆင့် ရွေးကောက်ပွဲ ဝင်ရောက်ပြိုင်မည့် နိုင်ငံရေးပါတီတစ်ခုမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

အမျိုးသားလွှတ်တော်နှင့် တိုင်း/ပြည်နယ်လွှတ်တော်များအတွက် ကျင့်သုံးသွားမည့် FPTP နှင့် PR ပေါင်းစပ်စနစ်သည် မဲဆန္ဒရှင်များက (၁) မဲဆန္ဒနယ်ကိုယ်စားလှယ်၊ (၂) ပါတီစာရင်းကို သီးသန့်မဲပေး ရမည်ဖြစ်ရာ စစ်အုပ်စု၏ အကျိုးစီးပွားအတွက် ရည်ရွယ်နေကြောင်း လေ့လာသူများက သုံးသပ် ထောက်ပြသည်။

“သူတို့လုပ်မယ့် တရားမဝင် ရွေးကောက်ပွဲက ပြိုင်ဘက်အင်အားကြီး နိုင်ငံရေးပါတီတွေ မပါဝင် လာတဲ့အခါ စစ်ဘောင်းဘီချွတ်ပြီး အရပ်ဝတ်လဲ ကြံခိုင်ရေးပါတီ အနိုင်ရဖို့ သေချာတယ်” ဟု ယခင် ၂၀၂၀ ခုနှစ် နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၏ ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌဟောင်း ဦးမောင်မောင် က ဧရာဝတီတိုင်းမ်ကို ပြောသည်။

◼️ဖိနှိပ်ထိန်းချုပ်၍စစ်ရှိန်မြှင့်

သမ္မတအိမ်မက်ကို အကောင်အထည်ဖော်ရန် နည်းမျိုးစုံဖြင့် ကြိုးပမ်းနေသည့် စစ်ခေါင်းဆောင်သည် ဇူလိုင် ၃၀ ရက်က ထောင်ဒဏ် ၁၀ နှစ်မှ တစ်သက်တစ်ကျွန်းအထိ ချမှတ်နိုင်သော “ရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ရေးဥပဒေ” ကို ပြဋ္ဌာန်းထုတ်ပြန်ခဲ့သည်။

ယင်းဥပဒေသည် ၎င်းတို့၏ တရားမဝင်ရွေးကောက်ပွဲကို ကာကွယ်ရန်အတွက် ပြဋ္ဌာန်းခြင်းဖြစ်ပြီး ပြစ်မှုတစ်ရပ်ရပ်ကို ကျူးလွန်ရာ၌ တစ်ဦးတစ်ယောက်ကို သေဆုံးမှုဖြစ်စေလျှင် ပြစ်မှုကျူးလွန်ရာတွင် ပါဝင်သူအသီးသီးကို သေဒဏ်ချမှတ်မည်ဟု ဖော်ပြထားကာ အခန်း ၈ ခန်း၊ ပုဒ်မ ၁ မှ ပုဒ်မ ၃၂ ထိ ပါရှိသည်။

ထိုအတွက် လုံခြုံရေးဆိုင်ရာ ကြီးကြပ်မှုဗဟိုကော်မတီကို ဖွဲ့စည်းထားပြီး ခရိုင်အဆင့်၊ မြို့နယ်အဆင့် အသီးသီးရှိ ကော်မတီများတွင် စစ်ကော်မရှင်၏ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ဥက္ကဋ္ဌ တာဝန်ယူကာ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) မှ ခရိုင်တာဝန်ခံအရာရှိများအား အဖွဲ့ဝင်အဖြစ် ထည့်သွင်းထားကြောင်း တွေ့ရသည်။

ထို့အပြင် စစ်ခေါင်းဆောင်၏ အမိန့်ဖြင့် ပြဋ္ဌာန်းထားသော ဆိုက်ဘာလုံခြုံရေးဥပဒေလည်း အသက်ဝင် လာပြီဖြစ်ရာ ရွေးကောက်ပွဲနှင့် ပတ်သက်သော ဒစ်ဂျစ်တယ်ဝန်ဆောင်မှုလုပ်ငန်း ဆောင်ရွက်သူများထံမှ အသုံးပြုသူ (မဲဆန္ဒရှင်) များ၏ ကိုယ်ရေးအချက်အလက်များကို တောင်းခံပါက ပေးအပ်ရမည်ဟု ဆိုထားသည်။

အလားတူ စစ်ခေါင်းဆောင်က ၎င်းတို့စစ်ရှုံး၍ လက်လွှတ်ထားရသော မြို့နယ် ၆၃ ခုကို ရွေးကောက်ပွဲ ကျင်းပနိုင်ရန် ရည်ရွယ်၍ စစ်အုပ်ချုပ်ရေး ကြေညာကာ တိုက်ပွဲအရှိန်မြှင့် ဗုံးကြဲတိုက်ခိုက်လျက် ရှိသော်လည်း လက်တွေ့တွင်မူ နိုင်ငံတစ်ဝန်း၏ သုံးပုံတစ်ပုံကိုသာ ထိန်းချုပ်ထားနိုင်သည်။

“ဒီအတွက် သူတို့ကတော့ နည်းလမ်းကုန် လုပ်မှာပဲ။ ဒါပေမဲ့ အရင် မဆလခေတ်၊ နဝတခေတ်၊ နအဖ ခေတ်ကလောက်တော့ မလွယ်ဘူးထင်တယ်” ဟု တရုတ်-မြန်မာ့အရေး လေ့လာစောင့်ကြည့်သုံးသပ်သူ ဒေါက်တာလှကျော်ဇောက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာသည့် ၂၁ ခုခံတော်လှန်ရေးကြောင့် သမိုင်းတစ်လျှောက်၌ မကြုံစဖူး အထိနာ စစ်ရှုံးမှုများကို ရင်ဆိုင်နေရသော စစ်ခေါင်းဆောင်သည် ရွေးကောက်ပွဲမှတစ်ဆင့် ၎င်းတို့အတွက် နိုင်ငံရေးထွက်ပေါက်ရအောင် တရုတ်၊ ရုရှားနှင့် နိုင်ငံအချို့၏ ထောက်ခံကူညီမှုဖြင့် ပုံဖော်ကြိုးပမ်းနေခြင်းဖြစ်သည်။

“ဒီရွေးကောက်ပွဲပဲဖြစ်ဖြစ်၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲဖြစ်ဖြစ် သူတို့ ခေတ်အဆက်ဆက်က လှည့်ဖြား ဖို့အတွက် သုံးလာတာ ပြည်သူလူထုက သိနေပြီ။ ဒါကြောင့်မို့ သိပ်လွယ်မယ် မထင်ပါဘူး” ဟု ဒေါက်တာလှကျော်ဇောက သုံးသပ်ပြောဆိုသည်။

ဒီမိုကရေစီအသွင်ကူးပြောင်းရေးထက် “စစ်အာဏာ တည်မြဲရေး” အတွက် ကြိုးပမ်းနေသည့် စစ်ခေါင်းဆောင်၏ ရွေးကောက်ပွဲကို ပြည်တွင်းနှင့် နိုင်ငံတကာက ကန့်ကွက်ဝေဖန်လျက်ရှိရာ စစ်ရေး၊ နိုင်ငံရေး မတည်ငြိမ်မှုများ ပိုမိုကြီးထွားလာနိုင်ကာ ငြိမ်းချမ်းရေးမှာ အလှမ်းဝေးနေဦးမည်ဖြစ်သည်။

စစ်ခေါင်းဆောင်၏ အာဏာတည်မြဲရေး နိုင်ငံရေးဇာတ်စင်သည် လက်တွေ့တွင် မည်မျှကြာကြာ ရပ်တည်နိုင်မည်ဆိုသည်မှာမူ လက်ရှိနိုင်ငံရေး၊ စစ်ရေးနှင့် ပြည်သူ့တော်လှန်ရေး အင်အားစုများ အပေါ်တွင် မူတည်နေမည်သာ ဖြစ်သည်။