
ဧရာဝတီတိုင်းမ်
ဩဂုတ် ၁ ရက်
ဧရာဝတီတိုင်း၊ မြောင်းမြမြို့နယ်တွင် စစ်ကောင်စီခန့် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အဖွဲ့က ၎င်းတို့၏မိသားစုဝင်များကို စစ်မှုထမ်း ကင်းလွတ်ခွင့် ကြေညာပြီး အခြားဒေသခံများက်ိုသာ မဲနှိုက်ခိုင်းခဲ့ကြောင်း သတင်းရရှိသည်။
မြောင်းမြမြို့နယ်၊ ကျွန်းထိပ်ကျေးရွာတွင် စစ်မှုထမ်းနှင့် လုံခြုံရေးအတွက်ဆိုကာ အသက်၃၅ မှ ၆၅ နှစ်ရှိသည့် ဒေသခံ လူအယောက် ၃၀ ပေးရမည်ဟုပြောဆိုပြီး အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့က မဲနှိုက်ခိုင်းကြောင်း ဒေသခံများကပြောဆိုသည်။
“အုပ်ကြီးက မြို့နယ်စီမံတွေကို ငွေပေးပေါင်းထားပြီး ရွာမှာထင်တိုင်းကိုကြဲနေတာ။ ကြံ့ခိုင်ရေးပါတီက ရွာမှာစည်းရုံးရေးတွေလာပြီး နောက်နေ့ မဲနှိုက်ခိုင်းတော့တာပဲ။ ကျွန်းထိပ်ကျေးရွာဆိုတာ ကြံ့ခိုင်ရေးဥက္ကဌ ဦးခင်ရီရဲ့ဇာတိရွာလဲဖြစ်ပါတယ်”ဟု မြောင်းမြမြို့နယ်ရှိ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
စစ်ကောင်စီခန့် ကျေးရွာအုပ်ချုပ်ရေးမှူးမှာ ဦးဝင်းဦးဖြစ်ပြီး ၎င်းသား၊ သားမက်နှင့် ရာအိမ်မှူးများ၏ သားများကို စစ်မှုထမ်း မဲနှိုက်စရာမလိုကြောင်း ကြေညာထားသည်ဟု ဒေသခံများကပြောသည်။
ထို့ပြင် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဝင်းဦးနှင့်အဖွဲ့သည် စစ်မှုထမ်းအတွက်ဟုဆိုကာ ကျေးရွာအုပ်စုအတွင်းလည်း လစဥ်ငွေတောင်းယူမှုများပြုလုပ်ကြောင်း သိရသည်။
ဧရာဝတီတိုင်းရှိ မြို့နယ်များတွင် ပြည်သူ့စစ်မှုထမ်း ငှားရမ်းခ သိန်းရာကျော်ပေါက်ဈေးရှိသော်လည်း အမှန်တစ်ကယ် ပြည်သူ့စစ်မှုထမ်း ငှါးရမ်းခံရသူများသည် ငွေကြေးအပြည့်အဝ မရရှိပဲ အုပ်ချုပ်ရေးမှူးများက ဖြတ်ယူနေကြောင်း ဒေသခံများကပြောသည်။
စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးအများစုမှာ ပြည်သူ့စစ်မှုထမ်းအကြောင်းပြ ငွေတောင်းယူမှုများကို ယခင်ကထက် ပိုမိုလုပ်ဆောင်လာကြပြီး ကိုယ်ကျိုးအတွက်အသုံးပြုကာ ကြီးပွားချမ်းနေကြကြောင်း ဧရာဝတီတိုင်းရှိ ဒေသခံများပြောဆိုသည်။
ဓာတ်ပုံ-ကျွန်းထိပ်ကျေးရွာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဦးဝင်းဦး