ဧရာဝတီတိုင်းမ်
ဇူလိုင် ၁၃ ရက်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့ကို စစ်ကောင်စီက လေကြောင်းမှ လူနေအိမ်များရှိရာသို့ ဗုံးကြဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယနေ့ ဇူလိုင် ၁၃ ရက် နံနက် ၆ နာရီကျော်အချိန်ခန့်တွင် ကျောက်မဲမြို့ ပိန္နဲကုန်း အမက ၁၃ ကျောင်းဝန်းကျင်သို့ ဗုံးကြဲချခဲ့ရာ ထိခိုက်ပျက်စီးမှုများပြားကြောင်း ဒေသခံများထံမှ သိရသည်။

“ဗုံး လေးလုံးကျော်တယ် လာကြဲသွားတာ”ဟု ကျောက်မဲဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ပြီးခဲ့သည့် ဇူလိုင် ၁၁ ရက်နေ့ကလည်း ကောလီဟိုတယ်၊ မြို့မရဲစခန်းနှင့် ခရိုင်ရဲရုံးတို့ကို ဗုံးများကြဲချခဲ့ရာ တစ်ဦးသေဆုံးပြီး ၅ ဦးထိခိုက်ဒဏ်ရာရရှိပြီး နေအိမ်များလည်း ထိခိုက်ပျက်စီးခဲ့သည်။

ထို့အပြင် ဇူလိုင် ၆ ရက်နှင့် ၈ ရက်နေ့တို့တွင်လည်း ကျောက်မဲမြို့‌‌ပေါ် လူနေရပ်ကွက်များသို့ စစ်ကောင်စီက လေကြောင်းမှ ဗုံးများလာရောက်ကြဲချတိုက်ခိုက်ခဲ့သည့်အတွက် လူသေဆုံးမှုများနှင့် ထိခိုက်ဒဏ်ရာရရှိများလည်းရှိကြောင်း TNLA က ထုတ်ပြန်သည်။

စစ်ကောင်စီက ယခု ဇူလိုင်လအတွင်း ကျောက်မဲနှင့် မိုးကုတ်မြို့ကို လေကြောင်းတိုက်ခိုက်မှုများ ဆက် တိုက်လုပ်ဆောင်လာပြီး နှစ်ပတ်အတွင်း အရပ်သားပြည်သူ ၆ ဦးသေဆုံးပြီး ကလေးငယ်များအပါအဝင် ၃၀ နီးပါးဒဏ်ရာရရှိကာ နေအိမ် ၅၀၊ စာသင်ကျောင်းတစ်ကျောင်းနှင့် ဘုန်းကြီးကျောင်း ၄ ကျောင်း ဗုံးထိမှန်ပျက်စီးခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ဓာတ်ပုံ-TNLA
ပုံစာ-ကျောက်မဲမြို့ ဗုံးကြဲခံရပြီးနောက်တွေ့ရစဉ်။