
ဧရာဝတီတိုင်းမ်
ဇူလိုင် ၆ ရက်
ငလျင်ဒဏ်သင့်ဝန်ထမ်းများကို စားသောက်ကုန် မှားယွင်း ထောက်ပံ့ခဲ့သည့်အတွက် ငွေကြေးပြန် လည်ဆပ်ရန် တောင်းခံနေသည့် စစ်ကောင်စီက ထရီလီယံနှင့်ချီသည့် ငွေကြေးများ ထောက်ပံ့ဦးမည်ဟု ပြောဆိုမှုများရှိကြောင်း သိရသည်။
စစ်ကိုင်းငလျင်ကြောင့် နေပြည်တော်အပါအဝင် တိုင်းနှင့် ပြည်နယ် ရှစ်ခုမှ မြို့နယ် ၅၄ မြို့နယ်တွင် နေအိမ်စုစုပေါင်း ၅၁၂၁၀ ပျက်စီးခဲ့ရကြောင်း စစ်ခေါင်းဆောင်က ပြောဆိုထားပြီး ထိခိုက် ပျက်စီး ခဲ့ရသည့် နေအိမ်များအတွက် စစ်ကောင်စီက ငွေကြေးများ ထောက်ပံ့သွားမည်ဟု အစည်းအဝေးတွင် ပြောဆိုခဲ့ကြောင်း သိရသည်။
ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သည့် နေအိမ် ၅၀၀၀၀ ကျော် ပြန်လည်ပြုပြင်နိုင်ရန်အတွက် အမျိုးသား သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေနှင့် ကျပ်ငွေ ၁ ဒသမ ၆ ထရီလီယံကျော်ကို ထောက်ပံ့သွားမည်ဟု စစ်ကောင်စီ၏ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီး ဌာန ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနထံမှ သိရသည်။
ငွေကြေးထောက်ပံ့ရာတွင် ပျက်စီးသွားသည့် နေအိမ် အမျိုးအစားပေါ်မူတည်ပြီး ထောက်ပံ့ကြေး ငွေများကို ခွဲခြားသတ်မှတ်၍ ပေးအပ်သွားမည်ဖြစ်ကာ ငွေကြေး သုံးပုံတစ်ပုံကို ငွေသားအဖြစ်ပေးပြီး ကျန်ငွေတန်ဖိုးကို အိမ်ဆောက်ပစ္စည်းများ ထောက်ပံ့သွားမည်ဖြစ်ကြောင်း သိရသည်။
စစ်ကောင်စီက ငွေကျပ်ထရီလီယံနှင့်ချီကာ ထောက်ပံ့မည်ဟု ပြောဆိုထားသော်လည်း နေပြည်တော်ရှိ ငလျင်ဘေးသင့်ခဲ့သော ဝန်ထမ်း ၉,၀၀၀ ကျော်ကို ထောက်ပံ့ခဲ့သည့် စားသောက် ကုန် ငါး မျိုးအတွက် ငွေကြေး ၇၀၀၀၀ ကျော်ကို လာမည့် ဇူလိုင် ၇ ရက်နေ့တွင် အပြီးပေးသွင်းရမည်ဖြစ်ကြောင်း ထုတ်ပြန် ထားသည်။
ပုံစာ-နေပြည်တော်ရှိ ငလျင်ဒဏ်သင့် စစ်ကောင်စီဝန်ထမ်းများနေထိုင်သည့် ယာယီတဲများကို တွေ့ရစဉ်။