တမူးမှာ တိမ်းရှောင်နေတဲ့ ​ဒေသခံတွေရဲ့ နေအိမ်ကပစ္စည်းတွေကို စစ်ကောင်စီတပ်နဲ့ပျူစောထီးတွေက ကြိုက်သလိုရွေးချယ်ယူနေ

ကိုကိုလေး/ဧရာဝတီတိုင်းမ်
(တမူးမြို့) သြဂုတ်လ ၂၉ ရက်

စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၊ ဝိတ်တုတ်ရွာသစ်က ထွက် ပြေးတိမ်းရှောင်နေကြရသည့် ဒေသခံများ၏ နေအိမ်ကပစ္စည်းတွေကို အုပ်ချုပ်ရေးမှူးဦးဆောင်ကာ စစ်ကောင်စီတပ်နဲ့ပျူစောထီးတွေက ဝင်ရောက်မွှေနှောက်ယူဆောင်နေကြောင်း ဒေသခံများထံက သိရသည်။

အဆိုပါ စစ်ကောင်စီတပ်၊ပျူစောထီးများက နေအိမ်များအတွင်းရှိ အဖိုးတန်ပစ္စည်းများအပါအဝင် ဆန်၊ ဆီ၊ စောင်၊ ဘက်ထရီအိုး၊ ဆိုလာပြား၊ အဝတ်အစားများ၊ အိန္ဒိယက ရေဆွဲဂျောင် စသည့်ပစ္စည်းများကိုလည်း နေ့စဥ်ဝင်ရောက်ယူဆောင်နေသည်ဟု ဒေသခံတဦးကပြော သည်။

“ရွာမှာပြေးနေရတော့ အများကြီးပဲ စစ်တပ်ရယ်ပျူစောထီးတွေနဲ့အုပ်ချုပ်ရေးမှူးနဲ့ပေါင်းပြီး ကြိုက်သလို မွှေနှောက်ယူနေကြတာ။ခုဆိုအိမ်တွေမှာ ဘာမှမရှိတော့ဘူး လူတွေမရှိတော့ လုပ်ချင်တိုင်းလုပ်နေကြတာ မကျေနပ်တဲ့သူဆို အကုန်ဖမ်းတယ်။ အခုဆို သူတို့နဲ့ပတ်သက်တဲ့သူတွေပဲ ရွာမှာရှိတော့တယ်လို့ ” ဝိတ်တုတ်ရွာသစ်ကျေးရွာက ဒေသခံတဦးက ဧရာဝတီတ်ိုင်းမ်ကိုပြောသည်။

ထို့အပြင် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဦးမောင်သန်း ဟာ ပျူစောထီးခေါင်းဆောင်ဖြစ်ပြီး ပျူစောထီးအဖွဲ့ဝင်များဖြစ်သည့် ဦးမင်းမင်းစိုး၊ ဦးစိန်ကျော်၊ ဦးဝင်းမြင့်၊ ဦးဝင်းနောင် တို့ကိုလည်း စစ်ကောင်စီက လက်နက်တွေတပ်ဆင်ပေးထားသည်ဟု ဒေသခံများကဆိုသည်။

ဝိတ်တုတ်ရွာသစ်​ ကျေးရွာက စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးဦးမောင်သန်းဟာ NLD ထောက်ခံသူများကို ဖမ်းဆီးမှုတွေဆက်တိုက်ပြုလုပ်နေပြီး ဒေသခံအများစုမှာ ထွက်ပြေးတိမ်း ရှောင်နေကြရကာ ဝိတ်တုတ်ရွာသစ်ကျေးရွာတွင် ပျူစောထီးတပ်ဖွဲ့ဝင်အများစုသာ ကျန်ရှိတော့သည်ဟု ဒေသခံများ၏ပြောပြချက်အရသိရသည်။

#Ayeyarwaddy_Times