
ဟိန်းစံ/ဧရာဝတီတိုင်းမ်
မေလ ၃၁ ရက်
မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှုမတိုင်ခင်က Facebook လူမှုကွန်ရက်၌ စစ်တပ်နှင့်ပတ်သတ်ပြီး အုတ်အော်သောင်းနင်း ဖြစ်စေခဲ့သည့် ရုပ်သံဖိုင်တစ်ခု ပျံ့နှံ့ခဲ့သည်။
ရုပ်သံဖိုင်ထဲတွင် တပ်မတော် တပ်ရင်းတစ်ခု၏ အချုပ်ခန်းထဲ၌ တပ်မှထွက်ပြေးဖို့ ကြိုးစားသည့် စစ်ဗိုလ်များကို အချုပ်ချထားပြီး တပ်ရင်းမှူးဖြစ်သူ အရာရှိကြီးက အမေ၊ နှမကိုင်တုတ်ပြီး ဆဲဆိုဆူပူကြိမ်းမောင်းနေသည်။
ထိုသို့ ကြိမ်းမောင်းရင်း တပ်ထဲမှ ထွက်ပြေးဖို့ကြိုးစားသူတွေကို ပြောလိုက်သည်က “တပ်ကနေ မင်းတို့ ထွက်လို့ မရဘူး။ အသေထွက်ပဲ ထွက်လို့ရမယ်”ဟူ၍ ဖြစ်သည်။ အဆိုပါတပ်ရင်းမှူး၏စကား မှန်ကန်ကြောင်း တပ်ကြပ်ကြီး ဆက်ပိုင်မှူး၏ဖြစ်စဉ်က သက်သေခံနေသည်။
အဘယ့်ကြောင့်ဆိုသော် ပြည်သူ့ကာကွယ်ရေးတပ် – PDF များနှင့် တိုက်ပွဲတွင် တပ်ကြပ်ကြီး ဆက်ပိုင်မှူး၏ ဦးခေါင်းထဲသို့ ကျည်ဆံဝင်ရောက်ခဲ့ပြီး ကံကောင်းထောက်မ၍ အသက်မသေသောသူ့ကို အာဏာသိမ်း စစ်တပ်က တပ်ထဲမှ ပေးမထွက်ခြင်းကြောင့် ဖြစ်သည်။
တပ်ကြပ်ကြီး ဆက်ပိုင်မှူးသည် မကွေးတိုင်း၊ စေတုတ္တရာမြို့နယ်၊ ကံတိုင်ရွာဇာတိဖြစ်ပြီး ၂၀၁၂ ခုနှစ်က တပ်မတော် အမှတ် ၂၅ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ ၂၅) သို့ ဝင်ရောက်ခဲ့ပြီး ပညာအရည်အချင်း ၁၀ တန်းအောင်သဖြင့် လက်နက်ထုတ်လုပ်ရေး (ပညာသည်) တပ်ကြပ်ကြီးအဆင့်ထိ ရာထူး တိုးမြှင့်ခြင်း ခံခဲ့ရသည်။
ကပစတပ်များမှာ လက်ရုံးတပ်များဖြစ်သည့်အတွက် ရှေ့တန်းမထွက်ရဘဲ စစ်နက်နက်ပစ္စည်းထုတ်လုပ်ရေးသာ လုပ်နေရသည့် တပ်ကြပ်ကြီး ဆက်ပိုင်မှူး၏ကံကြမ္မာက ၎င်းတို့၏ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် စစ်အာဏာသိမ်းသည့် ၂ဝ၂၁ ဖေဖော်ဝါရီလကစတင်၍ အဆိုးဘက်သို့ ရောက်ရှိခဲ့သည်။
စစ်အာဏာသိမ်းမှုကို လက်မခံသည့် ပြည်သူများက ပြည်သူ့ကာကွယ်ရေးတပ် – PDF များဖွဲ့စည်း၍ စစ်တပ်ကို ရရာလက်နက်စွဲ၍ ခုခံတော်လှန်တိုက်ခိုက်ကြချိန်တွင် အာဏာသိမ်း စစ်တပ်၌ စစ်အင်အားလိုအပ်ချက်များစွာ ပေါ်ပေါက်ခဲ့သည်။
ယင်းအကျိုးဆက်အရ စစ်ကောင်စီက ကပစတပ်များအပါအဝင် လက်ရုံးတပ်များအားလုံးမှ စစ်သားများကို ဆွဲထုတ်၍ ကင်းလှည့်စေခြင်း၊ လုံခြုံရေးတာဝန် ထမ်းစေခြင်းနှင့် တိုက်ပွဲဝင် ထိုးစစ်ဆင်ရန် ရှေ့တန်းသို့ ပို့ဆောင်ခြင်းများ ပြုလုပ်ခဲ့သည်။
ကပစတပ်များသည် ယခင်က မည်သည့်စစ်ပွဲမှ မတိုက်ဖူးသလို နယ်မြေလုံခြုံရေးပင် မထမ်းဆောင်ဖူးသည့် လက်နက်ထုတ်လုပ်ရေးသီးသန့်တပ်များ ဖြစ်သည်။ သို့သော် စစ်အင်အားလိုအပ်လာချိန်၌ အာဏာသိမ်း စစ်ခေါင်းဆောင်များက လက်နက်ထုတ်လုပ်ရေးပညာသည် တပ်ကြပ်ကြီးများသာမက စစ်နည်းပညာတက္ကသိုလ် – DSTA ကျောင်းဆင်း စစ်အင်ဂျင်နီယာအရာရှိများကိုပါ ရှေ့တန်းသို့စေလွှတ်၍ စစ်တိုက်စေခဲ့သည်။
စစ်ကောင်စီသည် ၎င်းတို့အား ရရာတူမီးသေနတ်များဖြင့် ခုခံတော်လှန်နေသော PDF များကို နှိမ်နင်းရန် အတွက် မကွေးတိုင်းအနောက်ခြမ်း ဆိပ်ဖြူ၊ ပေါက်၊မြိုင်၊ ငဖဲ၊ ပဒါန်း၊ စေတုတ္တရာမြို့နယ်များအတွင်း အခြေပြုဖွင့်လှစ်ထားသည့် ကပစတပ်များနှင့် မကွေးမြောက်ပိုင်း ယောဒေသ ဂန့်ဂေါခရိုင်အတွင်းက ကပစ လက်နက်ထုတ်လုပ်ရေးစက်ရုံများမှ စစ်သားများကို အသုံးပြု၍ မကွေးတိုင်းအတွင်း ထိုးစစ်ဆင်ခဲ့သည်။
ထို့ကြောင့် တပ်ထဲဝင်ကတည်းက ရှေ့တန်းမထွက်ဖူးသူ တပ်ကြပ်ကြီးဆက်ပိုင်မှူးတယောက် စစ်အာဏာသိမ်းပြီးမှ ရှေ့တန်းထွက်ရတော့သည်။ စစ်မတိုက်ဖူးသော်လည်း စစ်ခေါင်းဆောင်တို့၏အမိန့်အရ စစ်ထွက်တိုက်ရသော ကပစ စစ်သားများသည် PDF တို့၏ ပျောက်ကြားစနစ်ဖြင့် တိုက်ခိုက်မှုအောက်တွင် အလဲလဲအပြိုပြိုဖြင့် သေကြေဒဏ်ရာရမှုများစွာ ကြုံတွေ့ခဲ့ကြသည်။
၂ဝ၂၁ ခုနှစ် ဇွန်လအတွင်း နယ်မြေခံ PDF တပ်များနှင့် စစ်ကောင်စီ၏ ကပစ ၂၅ တပ်တို့၏ ပထမဆုံးတိုက်ပွဲများမှာပင် ဆောဒေသ PDF များ လက်ချက်ကြောင့် ကပစ ၂၅ တပ်မှ တပ်သား ၅ ဦးထက် မနည်း သေဆုံးခဲ့ပြီး တပ်ကြပ်ကြီး ဆက်ပိုင်မှူးမှာလည်း ဦးခေါင်းအတွင်း တူမီးကျည်ဆံခဲစ ထိမှန်၍ ဒဏ်ရာ အပြင်းအထန် ရရှိခဲ့သည်။
“၂၀၂၁ ခုနှစ်၊ ဇွန်လပိုင်းလောက်က ဆောမှာဖြစ်တဲ့ တိုက်ပွဲမှာဖြစ်တာ။ အဲ့တိုက်ပွဲက ပထမဆုံးဘဲလို့ သိရတယ်။ သူ့ခေါင်းကိုထိတယ်။ အဲ့ဒီတိုက်ပွဲမှာဘဲ ကပစ ၂၅ တပ်က ၅ ဦးကျတယ်။ တပ်ကြပ်ကြီး ဆက်ပိုင်မှူးကို ခေါင်းကိုကျည်ထိတယ်။ အရေးပေါ်အခြေအနေမျိုးနဲ့ ဒဏ်ရာအပြင်းအထန် ရခဲ့တာ”ဟု အဆိုပါတပ်နှင့်နီးစပ်သည့် လောင်းရှည်မြို့ဒေသခံတဦးက ပြောပြသည်။
ဒီမိုကရေစီ ငတ်မွတ်တောင့်တသော ပြည်သူလူထု၏ အပြင်းအထန် ခုခံတွန်းလှန်မှုက စစ်ကောင်စီ၏ ဘင်ခရာစစ်တီးဝိုင်း၊ နယ်လှည့်ဆက်ဆံရေး၊ အားကစား၊ ကပစ အပါအဝင် စစ်မတိုက်ဖူးသည့် လက်ရုံးတပ်များ စစ်ထွက်တိုက်နေရသည်အထိ အင်အားချည့်နဲ့စေခဲ့သည်။
တပ်ကြပ်ကြီး ဆက်ပိုင်မှူးသည် ဆော-PDF နှင့်တိုက်ပွဲတွင် ဦးခေါင်းအတွင်းသို့ ကျည်ဆံ ထိမှန်သည့် စိုးရိမ်ရဒဏ်ရာ ရရှိခဲ့သည်။ PDF တို့ ပစ်လိုက်သည့်ကျည်ဆံသည် ဆက်ပိုင်မှူးခေါင်းထဲ ဝင်သွားသော်လည်း ဖိုးသက်ပြင်း တပ်ကြပ်ကြီးကား သေဆုံးခြင်း မရှိပေ။
၎င်းမှာ နေပြည်တော် သိုက်ချောင်းအခြေစိုက် အမှတ် (၂) တပ်မတော်ဆေးရုံကြီး၊ ကုတင်-၁၀၀၀ သို့ ပို့ဆောင်၍ ခွဲစိတ်ကုသမှုအပါအဝင် ၂ လကျော် ဆေးကုသမှု ခံယူခဲ့ရသည်။ သို့သော် သူ့ခေါင်းထဲဝင်နေသည့် ခဲသီးကျည်ဆံက ထုတ်၍မရ။ ထိုကျည်ဆံထုတ်လျှင် ဆက်ပိုင်မှူး သေဆုံးနိုင်သဖြင့် စစ်ဆရာဝန်များက မထုတ်ဘဲ ဒီတိုင်းထားတာ ပိုကောင်းမည်ဟု ဆုံးဖြတ်ခဲ့ကြသည်။
“သူ့ကို ခေါင်းမှန်တော့ နေပြည်တော် တပ်ဆေးရုံ ကုတင် ၁၀၀၀ ကို ပို့ပြီးကုတယ်။ မသေလို့ပြန်ရောက် လာတာ။ ဆေးရုံတင်ထားရတာချည်းပဲ ၂ လကျော်လောက်ကြာတယ်။ ကျည်ဆံက သူ့ခေါင်းထဲမှာ ဘယ်နားကိုဝင်နေတာလဲတော့ မသိဘူး။ ဦးခေါင်းက ခွဲစိတ်လို့ရပေမယ့် ကျည်ဆံက ဖယ်ထုတ်လို့ မရဘူး။ အဲ့ခေါင်းထဲမှာဘဲ ကျန်နေတယ်။ ကျည်ဆံထုတ်ရင် သေနိုင်တဲ့အတွက် ဆရာဝန်တွေက မထုတ်ဘဲထားတာ ပိုကောင်းမယ်ဆိုပြီး ဒီတိုင်းထားတာလို့ ပြောတယ်”ဟု ၎င်းနှင့်နီးစပ်သည့် စေတုတ္တရာမြို့မှ ဒေသခံတဦးက ရှင်းပြသည်။
သေလုမျောပါး ဒဏ်ရာရခဲ့ပြီး ဦးခေါင်းထဲ PDF ပစ်သော ကျည်ဆံကျန်နေသည့် တပ်ကြပ်ကြီးဆက်ပိုင်မှူးသည် ပြီးခဲ့သည့်နှစ် စက်တင်ဘာလအတွင်း နေပြည်တော်စစ်ဆေးရုံမှ ပြန်လည်ဆင်းလာခဲ့သည်။ ထို့နောက် မတ်လအထိ ၆ လတာအတွင်း နေပြည်တော်စစ်ဆေးရုံကြီး ကုတင် ၁၀၀၀ နှင့် မကွေးမြို့ အမှတ် ၁၆ တပ်မတော်ဆေးရုံ ကုတင် ၁၀၀ တို့တွင် ၎င်း၏ဦးခေါင်းခွဲစိတ်မှုအား ၃ ကြိမ်ထက်မနည်းပြန်လည်ပြသ စစ်ဆေးခဲ့ရသည်။ စစ်ဆေးရုံ အကြိမ်ကြိမ်ပြသသော်လည်း သူ့ဦးခေါင်းထဲက ကျည်ဆံကတော့ ထုတ်လို့မရခဲ့ပေ။
”ဆေးရုံဆင်းပြီး ၂ လလောက်အထိ သူ့အခြေအနေက ပုံမှန်မဟုတ်ဘူး။ ခေါင်းခွဲထားတော့ တပ်ထဲက သူ့မိတ်ဆွေ သူငယ်ချင်းတွေကိုလည်း ကောင်းကောင်း သူမမှတ်မိဘူး။ ၁ လလောက်ကြာမှ နည်းနည်းပြန် မှတ်မိလာတာ”ဟု ၎င်းတပ်နှင့်နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပြသည်။
စစ်မှုထမ်းသက် ၉ နှစ်ရှိသော တပ်ကြပ်ကြီး ဆက်ပိုင်မှူးသည် အာဏာသိမ်း စစ်ခေါင်းဆောင်များ လက်အောက်တွင် တာဝန်ထမ်းဆောင်ရင်း အသက် ၂၇ နှစ်အရွယ်မှာပင် ဒုက္ခိတဘ၀ ရောက်ခဲ့ရသည်။
ခေါင်းထဲတွင် တူမီးကျည်ဆံရှိနေပြီး ကျန်းမာရေးမကောင်းသဖြင့် ၎င်းအား တပ်မတော်မှ ဆေးဘုတ်ဖြင့် နှုတ်ထွက်ခွင့်ပေးရန် တပ်ကြပ်ကြီး ဆက်ပိုင်မှူး တင်ပြခဲ့သော်လည်း အချိန် ၈ လကျော် ကြာသည်အထိ စစ်တပ်က နှုတ်ထွက်ခွင့် မပေးခဲ့ချေ။
“သူကတော့ ခေါင်းထဲမှာလည်း ကျည်ဆံရှိနေတော့ နားချင်တာပေါ့။ ဒါကြောင့် တပ်ကနေ ထွက်ခွင့်ပေးဖို့ တင်ပြထားတယ်။ အခုထိတော့ ထွက်ခွင့်မကျလို့ ထွက်လို့မရသေးဘူး”ဟု အဆိုပါ ကပစ ၂၅ တပ်နှင့်နီးစပ်သူက ဆိုသည်။
စစ်ကောင်စီတပ်တွင် ယခင်က တိုက်ပွဲဒဏ်ရာ (Gun Shot) များ ပြင်းထန်ပါက အများအားဖြင့် ၆ လအတွင်း ဆေးအဆင့်နိမ့်ဘုတ်ထိုင်ကာ ဆက်လက်တာဝန်ထမ်းဆောင်ရန်မသင့်ပါက တပ်မှ နှုတ်ထွက်ခွင့် ပေးလေ့ရှိသည်။
သို့သော် စစ်အာဏာသိမ်းမှုနောက်ပိုင်း စစ်သည်အင်အား တနေ့တခြား ယုတ်လျော့လာနေသဖြင့် အာဏာသိမ်းစစ်တပ်သည် ၎င်းတို့ခိုင်းစေနေသူ စစ်သားများ၏ တပ်ထဲမှ နှုတ်ထွက်ခွင့်အား ပြန်းထန်စွာ တင်းကြပ်ခဲ့သည်။
တပ်ကြပ်ကြီး ဆက်ပိုင်မှူးလို ဦးခေါင်းထဲ ကျည်ဆံဝင်နေသော သေလူတပိုင်း ဖြစ်နေသည့် စစ်သားတစ်ဦးကိုပင် တပ်က ထွက်ခွင့်မပေးဘဲ ဆက်လက်တာဝန်ထမ်းခိုင်းနေသည့်အနေအထားက စစ်တပ်၏ အင်အား ယုတ်လျော့ချည့်နဲ့မှုကို ထင်ဟပ်ပြသနေသည်။
”ဒီလိုဖြစ်စဉ်တွေဆိုရင် လုပ်ထုံးလုပ်နည်းအရ ၆ လအတွင်း E သုံးလုံးဆေးဘုတ်ထိုင်တယ်။ ပြီးရင် သက်ဆိုင်ရာ စစ်ဆေးရုံအုပ်နဲ့ ကုသတဲ့ဆေးမှူးတွေရဲ့မှတ်ချက်နဲ့ ဆေးအဆင့်ချပြီး ထွက်ခွင့်ပေးရမယ်။ အခုနောက်ပိုင်းက ဒီလို case တွေကိုတောင် တနှစ်နီးပါးအထိ လုပ်နေတာကတော့ သူတို့ပေးမထွက်ချင်လို့ရသလောက်ဆွဲဆန့်နေတာလို့မြင်ပါတယ်”ဟု ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့ မဆရ (၁၄) ဆေးတပ်ရင်းမှ CDM ခွဲစိတ်ပါရဂူ ဗိုလ်ကြီး မင်းမောင်မောင်က ရှင်းပြသည်။
ဦးခေါင်းထဲ ကျည်ဆံရှိနေသော တပ်ကြပ်ကြီး ဆက်ပိုင်မှူးသည် ကပစ ၂၅ တပ်တွင် လက်ရှိအချိန်အထိ တာဝန်ထမ်းဆောင်နေရကာ ၎င်း၏ဝေဒနာကို ကုသနေရဆဲဖြစ်သည်။၎င်းတွင် ဇနီးနှင့် ၅ နှစ်အရွယ် ကလေးငယ်တဦးရှိကာ စစ်ကောင်စီတပ်ကပေးသည့် လစာ ၂ သိန်းဝန်းကျင်ဖြင့် ရပ်တည်နေရသည်။
”လူ့ခန္ဓာကိုယ်ရဲ့ဦးခေါင်းမှ မဟုတ်ဘူး၊ ဘယ်အစိတ်အပိုင်းကိုပဲဖြစ်ဖြစ် အဲ့ဒီလို ခဲယမ်းအစိတ်အပိုင်းတခု ဝင်နေမယ်ဆိုရင် အဲ့ဒီဟာက ခန္ဓာကိုယ်ကို တမျိုးမျိုးတုန့်ပြန်မှာဘဲ။ ဦးခေါင်းလိုနေရာဆိုတော့ ပိုဆိုးတာပေါ့။ နာတာရှည်ခံစားရမယ့်ဝေဒနာမျိုးဖြစ်လို့ တခြားဟာတွေလည်း သူ့ကိုခိုင်းစေလို့ရမှာမဟုတ်ဘူး။ စစ်ကောင်စီကတော့ သူတို့အင်အားကို လုံးဝမလျော့စေချင်လို့ ပေးမထွက်တာလို့ပဲ ပြောချင်ပါတယ်”ဟု ခွဲစိတ် ပါရဂူ CDM ဗိုလ်ကြီးက ဆိုသည်။
ကပစ ၂၅ တပ်ကို စက်ရုံမှူး ဗိုလ်မှူးကြီး ရန်အေး၊ လက်ထောက်စက်ရုံမှူး (အုပ်ချုပ်ရေး) ဗိုလ်မှူး သန်းစိုးနှင့် တပ်ရေးဗိုလ်ကြီး ဗိုလ်ကြီးအောင်မျိုးထက်တို့က ဆောင်ရွက်နေခြင်းဖြစ်ပြီး တပ်ကြပ်ကြီး ဆက်ပိုင်မှူးကို တပ်မှထွက်ခွင့်ပေးရန် ကြန့်ကြာနေသည့်ကိစ္စအား အောက်ခြေတပ်ဖွဲ့ဝင်များက စောင့်ကြည့်နေကြသည်။
”သူ့ကိစ္စကို ကပစ ၂၅ တပ် တပ်ရင်းတခုလုံး သိတယ်။ သူဒီလောက် ကျန်းမာရေးမကောင်းတာကို သူ့ကို စစ်ဆင်ရေးတာဝန်တွေ မခိုင်းဘူးဆိုပေမယ့် ဘာလို့ပေးမထွက်သေးတာလဲဆိုတာ အောက်ခြေအဆင့် စစ်သည်တွေက ပြောနေကြတယ်။ အခုက တပ်ထဲက အပြီးထွက်ဖို့မပြောနဲ့၊ တပ်အပြင်တောင် ပေးမထွက်ဘူး။ တပ်ကစက်ရုံမှူးတွေက တပ်ပြင်ထွက်ခွင့်ပိတ်ထားတယ်။ သတင်းအမှောင်ချထားတယ်” ဟု လောင်းရှည် ဒေသရှိ တပ်တွင်းသတင်းရင်းမြစ်တဦးက ပြောဆိုသည်။
စစ်ကောင်စီလက်အောက် အမှုထမ်းနေကြသည့်စစ်သားများ၏ဘဝက ဆောင်းပါးအစပိုင်းတွင် ရေးခဲ့သလို “အသေထွက်ပဲ ထွက်လို့ရမယ်”ဟူသော အခြေအနေ ရောက်ရှိနေသည်။
“ဒီလို ကျည်ဆံခေါင်းထဲမှာရှိနေတဲ့ စစ်သည်တယောက်ကိုတောင် ထွက်ခွင့်မပေးဘူး။ သူ့လုပ်ထုံးလုပ်နည်း အတိုင်းလည်း မလုပ်ဘူး။ ရသလောက် ပတ်ဝေ့နေတယ်၊ ပေးမထွက်ဘူးဆိုတာက တယောက်ဆိုလည်း တယောက် မသေသေးရင်ပြီးရော လူမလျော့ရင်ပီးရောဆိုတာမျိုး သူတို့အာဏာ တည်မြဲဖို့ကိုပဲ ဆက်လက်ဆုပ်ကိုင်ထားဦးမှာ”ဟု ကပစတပ်မှ CDM ပြုလုပ်လာသည့် ဗိုလ်ကြီး Captain Zero က မှတ်ချက်ပြုပြောဆိုသည်။