
ဧရာဝတီတိုင်းမ်
(မင်းလှ)၊ ဇွန် ၂၃ ရက်
ပဲခူးတိုင်း (အနောက်ခြမ်း)၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်အတွင်း လှည့်လည်စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်ဖွဲ့များသည် ယနေ့ ဇွန် ၂၃ ရက် နံနက် ၅ နာရီဝန်းကျင်မှ စတင်ကာ ကျေးရွာ ငါး ရွာကို ထပ်မံမီးရှို့ခဲ့ကြောင်း သိရသည်။
စစ်ကောင်စီသည် အင်အား ၄၀၀ ဝန်းကျင်အသုံးပြုကာ မင်းလှမြို့နယ်၊ လက်ပံတန်းမြို့နယ်နှင့် အုတ်ဖိုမြို့နယ်များကို လှည့်လည်စစ်ကြောင်းထိုးနေခြင်းဖြစ်ပြီး ယနေ့တွင် ရန်ကုန်-ပြည်လမ်းမနှင့် ပဲခူးရိုးမကြားရှိ ကျေးရွာများဖြစ်သည့် ဗိုလ်တထောင်၊ ဆားချောင်း၊ ဆင်အိုင်ချောင်းပေါက်၊ ဂန့်ဂေါ်ပင်ရွာမနှင့် ငလှစမ်းရွာတို့ကို ထပ်မံမီးရှို့ခဲ့ခြင်းဖြစ်သည်။
“မင်းလှက ရွာပေါင်း ၂၀ ကျော်ကို တပ်မ-၆၆ ရဲ့ တပ်မမှူးက မီးရှို့ခိုင်းထားတယ်လို့ သိရတယ်။ မီးမရှို့ချင်လို့ ထွက်ပြေးတဲ့ တပ်သားသစ်တွေပါရှိတယ်လို့ သိရတယ်။ သူတို့စစ်ကြောင်းဝင်တဲ့ ရွာတွေကသူတွေကိုဆိုလည်း အဝင်အထွက်ပိတ်ထားပြီး ဖုန်းတွေပါ သိမ်းထားတယ်လို့ သိရတယ်။ အခုလည်း စစ်ကြောင်းက တပ်ဖွဲ့အချို့က လက်ပံတန်းဘက်ကို ထွက်သွားပြီ” ဟု မင်းလှအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ထို့ပြင် အဆိုပါစစ်ကောင်စီစစ်ကြောင်းသည် ယနေ့ ဇွန် ၂၃ ရက်နေ့တွင် ၎င်းတို့စခန်းချရာ လမ်းကြောင်းများမှ ဒေသခံ အမျိုးသမီးများအပါအဝင် အရပ်သား ၁၀ ဦးကို ဖမ်းဆီးထားပြီး၊ ဇွန် ၂၂ ရက်နေ့တွင် လူငယ်အမျိုးသား နှစ် ဦး၊ ဇွန် ၂၁ ရက်နေ့တွင်လည်း အရပ်သား ငါး ဦး တို့ကို လူသားဒိုင်းအနေဖြင့် အသုံးပြုရန် ဖမ်းဆီးထားပြီး စုစုပေါင်း ၁၇ ဦးထက်မနည်း ဖမ်းဆီး ခံထားရကြောင်း သိရသည်။
စစ်ကောင်စီသည် ပြီးခဲ့သည့် ဇွန် ၂၂ ရက်နေ့ကလည်း မင်းလှမြို့နယ်ရှိ ဦးတိုကျွဲလမ်းစုရွာနှင့် ဂွေးကုန်းရွာ နှစ်ရွာရှိ နေအိမ်အချို့ကို မီးရှို့ခဲ့သည်။
မင်းလှမြို့နယ်တွင် ပြီးခဲ့သည့် ဇွန် ၁၆ ရက်နေ့ကဖြစ်ပွားခဲ့သော စစ်ကွင်းတာဆုံဂိတ် တိုက်ခိုက်ခံရမှု ဖြစ်စဉ်တွင် စစ်ကောင်စီလက်အောက်ခံ ဒုတိယဗိုလ်မှူးကြီးအပါအဝင် အရာရှိအများအပြား သေဆုံး ခဲ့ပြီးနောက် စစ်ကောင်စီက အင်အားအလုံးအရင်းဖြင့် အပြင်းအထန် ထိုးစစ်ဆင်နေခြင်းဖြစ်ကာ လက်ရှိတွင် နှစ်ဖက်စလုံး၌ စစ်ရေးပြင်းထန်နေကြောင်းလည်း သိရသည်။
ဓာတ်ပုံ – ပေးပို့
ပုံစာ – မီးရှို့ခံရသည့်ကျေးရွာများ
#မင်းလှ #မီးရှို့ခံရ #ကျေးရွာ #စစ်ကောင်စီစစ်ကြောင်းထိုး #တိုက်ပွဲ #Ayeyarwaddy_Times