ဧရာဝတီတိုင်းမ်
ဇွန် ၁၈ ရက်

ဧရာဝတီတ်ိုင်း၊ ဟင်္သာတမြို့နယ် စစ်ကောင်စီလက်အောက်ခံ အထွေထွေအုပ်ချုပ်ရေးရုံးမှ ဝန်ထမ်းများက ပြည်သူ့စစ်မှုထမ်းအကြောင်းပြ၍ ငွေတောင်းယူသည့်အပြင် ကျေးရွာများကိုဝင်ရောက်ကာ လူငယ်များက်ိုဖမ်းဆီးနေကြောင်း သတင်းရရှိသည်။

ဒုတိယအုပ်ချုပ်ရေးမှူး ဦးမျိုးမင်းစိုးက ကျေးရွာ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် စာရေးများကို ခေါ်ယူပြီး စစ်မှုထမ်းအမှတ်စဥ် ၁၄ အတွက် တစ်အုပ်စုလျှင် တစ်ယောက်နှုန်းတောင်းယူပြီး မထည့်နိုင်ပါက ငွေတောင်းယူကြောင်း ဒေသခံများကပြောသည်။

ပြည်သူ့စစ်မှုထမ်း အပတ်စဥ် တစ်ပတ်မထည့်နိုင်ပါက ကျပ်ငွေ ၃၅ သိန်း၊ အပတ်စဥ် နှစ်ပတ်မထည့်နိုင်က ကျပ်ငွေ သိန်း ၆၀ ညှိနှိုင်းပေးရကြောင်း ဒေသခံများကဆိုသည်။

“ဒုတိယအုပ်ချုပ်ရေးမှူး ဦးမျိုးမင်းစိုးနဲ့ အကြီးတန်းစာရေးမ သင်းသင်းအောင်၊ ညိမ်းညိမ်းညိုက လူပေးဖို့ထက် အပတ်စဥ်ရှောင်ဖို့ ပိုက်ဆံတောင်းတယ်။ ပိုက်ဆံပေးထားလဲ ရွာထဲကို ဆင်းဆွဲတယ်။ ပိုက်ဆံပြန်တောင်းတော့လဲ ပြန်မပေးဘူး။ ပြည်သူတွေဘဝက စစ်မှုထမ်းအတွက် စစ်သားလဲပေးရ ပိုက်ဆံလဲပေးရဖြစ်နေတယ်”ဟု ဟင်္သာမြို့နယ်ရှိ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

ထိုသို့ ပြည်သူ့စစ်မှုထမ်းအတွက် ကျေးရွာ၊ ရပ်ကွက်များမှ ညှိနှိုင်း၍ ငွေပေးဆောင်နေရသော်လည်း စစ်ကောင်စီတပ်သားများနှင့် အုပ်ချုပ်ရေးအဖွဲ့က အသက်ပြည့်ပြီးဖြစ်သည့် လူငယ်များကို ကျေးရွာအထိ ဝင်ရောက်ဖမ်းဆီးကြောင်း ဒေသခံများကပြောသည်။

ထို့ပြင် ပြည်သူ့စစ်မှုထမ်းအတွက် အချိုးကျငွေပေးကြရသော်လည်း ယမန်နေ့ ဇွန် ၁၇ ရက်နေ့တွင် စစ်ကောင်စီတပ်နှင့် ထွေအုပ်ဝန်ထမ်းများက ဟင်္သာတမြို့နယ်ရှိ ကျေးရွာများကိုဆင်းကာ ပြည်သူ့စစ်မှုထမ်းအတွက် လူထပ်ပေးရန် စာရင်းတောင်းယူနေကြောင်း ဒေသခံများကပြောသည်။

ဧရာဝတီတ်ိုင်းအတွင်း ၂၆ မြို့နယ်ရှိပြီး စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးများနှင့် စားရေးများသည် ပြည်သူ့စစ်မှုထမ်းအကြောင်းပြ ခြိမ်း​ခြောက်ငွေတောင်းယူမှုများပြုလုပ်နေသော်လည်း စစ်ကောင်စီမှ အရေးယူမှုမရှိကြောင်း ဒေသခံများထံက သိရသည်။

ဓာတ်ပုံ-ဟင်္သာတမြို့

#ဟင်္သာတ #ထွေအုပ်ဝန်ထမ်း #ပြည်သူ့စစ်မှုထမ်း #မြို့နယ်ဒုတိယအုပ်ချုပ်ရေးမှူး #ဦးမျိုးမင်းစိုး #Ayeyarwaddy_Times