
(ဟားခါး)၊ဧရာဝတီတိုင်းမ်
ဇွန် ၈ ရက်
စစ်ကောင်စီထိန်းချုပ်ထားသည့် ချင်းပြည်နယ်မြို့တော် ဟားခါးမြို့တွင် လျပ်စစ်မီး ပြတ်တောက်နေသည့်အတွက် ကွန်ပျူတာ၊ ဖုန်း နှင့် ပါဝါဘဏ်တို့ကို အခကြေးငွေပေး၍ အားသွင်းနေရကြောင့် ဒေသခံများထံမှ စုံစမ်းသိရသည်။
ချင်းပြည်နယ်တွင် စစ်ကောင်စီထိန်းချုပ်ထားသည့် မြို့နယ် သုံးခုအနက် လျပ်စစ်မီးရရှိသည့် တစ်ခုတည်းသော ဟားခါးမြို့သည် မတ်လ ၁၉ ရက်နေ့မှစ၍ လျပ်စစ်မီး ပြတ်တောက်နေသည်မှာ သုံးလနီးပါးကြာ ကြာမြင့်နေပြီဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် ဟားခါးမြို့ခံများသည် လျပ်စစ်မီး ပြတ်တောက်သည့်အတွက် ကွန်ပျူတာ၊ ဖုန်း နှင့် ပါဝါဘဏ်တို့ကို မီးစက်ရှိသည့်နေရာသို့ သွားရောက်၍ အခကြေးငွေပေးပြီး နေ့စဥ် အားသွင်းနေရသည်မှာ နှစ်လကျော်ကြာနေဖြစ်ကြောင်း ဒေသခံများက ဆိုသည်။
“ကျွန်တော်တို့ မီးစက်နှိုးတဲ့ ဆိုင်တွေ၊ ဆိုလာပြား၊ ဘက်ထရီအိုး ရှိတဲ့နေရာမှာ သွားပြီး အားသွင်းနေရပါတယ်။ အစကတော့ အခငွေကြေး မပေးရပေမယ့် နောက်တော့ မီးလည်း မလာသေးဘူး။ လူတွေကလည်းများလာတော့ ပေးရပါတယ်” ဟု ဟားခါးမြို့ခံအမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ဟားခါးမြို့ပေါ်တွင် ပြည်သူများ အလုပ်အကိုင် ရှားပါးပြီး ပုံမှန်ဝင်ငွေမရှိသည့်အပြင် ကွန်ပျူတာ၊ ဖုန်း နှင့် ပါဝါဘဏ်တို့ကို နေ့စဥ် အားသွင်းရာတွင် အခကြေးငွေပေးရသောကြောင့် ကုန်ကျငွေ တိုးလာပြီး အခက်ကြုံနေရကြောင်း သိရသည်။
အားသွင်းရာတွင် ကွန်ပျူတာ၊ ဖုန်း နှင့် ပါဝါဘဏ်တို့ကို အရွယ်အစားပေါ် မူတည်၍ ၁,၅၀၀ ကျပ်မှ ၅,၀၀၀ ကျပ်အထိ ပေးဆောင်နေရသည်။
“ဖုန်းတစ်လုံး တစ်ကြိမ် သွင်းရင် ၁,၅၀၀ ကျပ် ပေးရတယ်။ ကွန်ပျူတာ တစ်လုံး တစ်ကြိမ် ၅,၀၀၀ ပေးရတယ်။ ပါဝါဘဏ် ကျတော့ အရွယ်အစားပေါ် မူတည်ပြီး ၃,၀၀၀ ကနေ ၅,၀၀၀ ကျပ်ထိ ပေးရတယ်။ တစ်ဆိုင်နဲ့ တစ်ဆိုင် စျေးမတူဘူး” ဟု ဟားခါးမြို့ခံအမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ထို့အပြင် လျပ်စစ်မီးမရရှိသည့်အတွက် ဟားခါးမြို့ခံများသည် ချက်ပြုတ်ရာတွင် မီးသွေးအသုံးပြုရခြင်း၊ သောက်၊ သုံးရေအတွက် ရေစက်ငှားရမ်းခြင်း နှင့် မီးထွန်းရာတွင် ဖယောက်တိုင် အသုံးပြုရခြင်း စသည့်တို့ကြောင့် ကုန်ကျစရိတ်များပြီး အထွေထွေကျပ်တည်းမှုနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။
ဓာတ်ပုံ- လူမှုကွန်ရက်
ပုံစာ- ဟားခါးမြို့ကို တွေ့ရစဥ်။ (ပုံဟောင်း)
#လျပ်စစ်မီးရ #ဟားခါး #မီးပြတ် #ကွန်ပျူတာ #ဖုန်းနှင့်ပါဝါဘဏ် #ငွေပေးအားသွင်း #Ayeyarwaddy_Times