ဧရာဝတီတိုင်းမ်
မေ ၃၁ ရက်

ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ မှောစီစာဘုရားကုန်းတွင်တပ်စွဲထားသည့် စစ်ကောင်စီက မှော်စီစာရှိ ကျောက်စိမ်းကုမ္ပဏီတစ်ခုကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

ယနေ့ မေ ၃၁ရက် နေ့လယ် ၁၁နာရီအချိန်ခန့်မှစ၍ မှော်စီစာရှိ “တစ်” သုံးလုံး ကျောက်စိမ်းကုမ္ပဏီ၏ လုပ်ကွက်တစ်ခုကို စစ်ကောင်စီက ဝင်ရောက်မီးရှို့ခဲ့ကြောင်း သိရသည်။

“ကျောက်စိမ်းလုပ်ကွက်အတွင်းကို ဝင်လာပြီး မီးရှို့တယ်။ သူတို့တောင်းဆိုတာမရလို့ ရှို့တဲ့ပုံပဲ။ လူအင်အား အများကြီးနဲ့ အသေခံပြီး ဖားကန့်ကိုတက်လာကတည်းက လုပ်ကွက်တွေဆီကနေ ငွေညှစ်ဖို့ လောဘဇောထနေကြတာ။ သူတို့ကိုလည်း လုပ်ကွက်တွေရမယ်လို့ မျှားထားတာလို့ သိရပါတယ်” ဟုကချင်သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

ပြီးခဲ့သည့် မေ၂၇ရက်နေ့ နံနက်ပိုင်းက လုံးခင်းသို့ရောက်ရှိလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအနက် တချို့သည် လုံးခင်းကျေးရွာအတွင်း တပ်စွဲနေခဲ့ပြီး ကျန်အင်အားနှင့် စစ်‌ကြောင်းများမှ လာရောက် ပူးပေါင်းသည့်အဖွဲ့များသည် မေ ၂၉ရက်တွင် ဖားကန့်ဗျူဟာသို့ ဝင်ရောက်သွားခဲ့သည်။

လုံးခင်းကျေးရွာ၊ လယ်ပြင်နှင့် ငြိမ်းချမ်းသာယာသို့စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့သည် လုံးခင်းရှိ ဒေသခံ ငါးဦးကို သတ်ဖြတ်ခဲ့ပြီး ကာမိုင်းဘက်မှ လုံးခင်းသို့ဝင်ရောက်ချိန်တွင် ကချင် လွတ်လပ်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီက ဖားကန့်သို့ချီတက်သည့်လမ်းတစ်လျှောက် ကြားဖြတ်အတိုက်ခံရပါက လုံးခင်းကျေးရွာ အုပ်စုတစ်ခုလုံးကို ဗုံးကြဲမည်ဟု ခြိမ်းခြောက်ကာ ဒေသခံ၂၀ခန့်ကို ဖမ်းဆီး၍ လူသားဒိုင်း ပြုလာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ- Naw Tu Awng

#ဖားကန့် #လုံးခင်း #မှော်စီစာ #စစ်ကောင်စီ #ကျောက်စိမ်းလုပ်ကွက် #မီးရှို့ #Ayeyarwaddy_Times