ဧရာ၀တီတိုင်းမ်
ရန်ကုန်၊ မေ ၂၂ ရက်

ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်၊ အေဝမ်းလမ်းတွင်နေထိုင်သည့် ဗိုလ်ချုပ် ချိုထွန်းအောင်ကို ယနေ့ မေ ၂၂ ရက် နံနက်ပိုင်းက ၎င်း၏နေအိမ်ရှေ့တွင် Golden Valley Warriors မြို့ပြပြောက်ကျားအဖွဲ့က ပစ်ခတ်ခဲ့ကြောင်း သိရသည်။

ဗိုလ်ချုပ် ချိုထွန်းအောင်သည် နေပြည်တော်၊ နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ် (NDC) တွင် စစ်ဘက်ဆိုင်ရာ ဘာသာရပ်များ သင်ကြားပို့ချနေသူဖြစ်ပြီး ၎င်းကို စစ်ခေါင်းဆောင် မင်းအောင်လှိုင် ကိုယ်တိုင် ဝဏ္ဏကျော်ထင်ဘွဲ့ပေးအပ်ထားကြောင်း Golden Valley Warriors အဖွဲ့က ထုတ်ပြန်သည်။

ဗိုလ်ချုပ် ချိုထွန်းအောင်သည် NDC တွင် Internal Security & Counter-Terrorism (နိုင်ငံတော်လုံခြုံရေးနှင့် အကြမ်းဖက်မှုတိုက်ဖျက်ရေး) ဘာသာရပ်နှင့် နိုင်ငံတကာဆက်ဆံရေး ဘာသာရပ် နှစ်ခုကို သင်ကြားပေးနေသူဖြစ်ပြီး NDC သည် စစ်တပ်၏ ဗိုလ်မှူးကြီးအဆင့်မှ စတင်တက်ရောက်ရသည့် အရေးပါသည့် အဆင့်မြင့် စစ်သင်တန်းကျောင်းတစ်ခုဖြစ်ကြောင်း သိရသည်။

Golden Valley Warriors အဖွဲ့အနေဖြင့် ဗိုလ်ချုပ် ချိုထွန်းအောင်နှင့် ပတ်သက်သည့် အချက်အလက်များကို ကာလအတော်ကြာ စုဆောင်းစုံစမ်း အတည်ပြုပြီးမှ ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

၎င်းသည် စစ်တပ်မှ ဗိုလ်မှူးချုပ်/ဗိုလ်ချုပ် ရာထူးဖြင့် အငြိမ်းစားယူခဲ့သော်လည်း လက်ရှိ အကြမ်းဖက်စစ်တပ်၏ လူမဆန်သော လုပ်ရပ်များစွာအတွက် စစ်ဘက်ဆိုင်ရာ သင်ကြားပို့ချနေသူ များကို စစ်ရေးပစ်မှတ်အဖြစ် သတ်မှတ်ရှင်းလင်းခြင်းဖြစ်ကြောင်း အဆိုပါအဖွဲ့က ဆိုသည်။

ဗိုလ်ချုပ် ချိုထွန်းအောင်သည် ကမ္ဘောဒီးယားနိုင်ငံ သံအမတ်အဖြစ် ဆောင်ရွက်ခဲ့ဖူးပြီး မြန်မာနိုင်ငံသို့ ပြန်ရောက်ချိန်မှစ၍ နေပြည်တော်ရှိ NDC တွင် စစ်တပ်အရာရှိကြီးများကို စစ်ဘက်ဆိုင်ရာ သင်ကြားမှုများ ဆက်တိုက်ပို့ချနေခြင်းဖြစ်ကာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ အားထားရသူများထဲတွင် ပါဝင်ကြောင်း သိရသည်။

၂၀၂၅ ခုနှစ်၊ မတ်လ ၂၆ ရက်နေ့က မင်္ဂလာဒုံလေတပ်စခန်းမှ စစ်တပ်သယ်ယူပို့ဆောင်ရေးလေယာဉ် MAF003 အထူးလေယာဉ်ဖြင့် စစ်တပ်ထိပ်ပိုင်းအကြီးအကဲများနှင့် အရေးပါသူများကို နေပြည်တော် စစ်ရေးပြအခမ်း အနားတက်ရောက်ရန် စစ်ခေါင်းဆောင်မင်းအောင်လှိုင်က စီစဉ်ပေးခဲ့ရာတွင် ဗိုလ်ချုပ် ချိုထွန်းအောင်လည်း ပါဝင်ခဲ့ကြောင်း ဖော်ပြထားသည်။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ၎င်းအားကိုးရသည့် စစ်ဗိုလ်ချုပ်ဟောင်းများ၏ အကြံဉာဏ်ကိုလည်းရယူ၍ ပြည်သူ့စစ် မဟာဗျူဟာကို စစ်မှုထမ်းဟောင်းအဖွဲ့အင်အားဖြင့် လုပ်ဆောင်လျက်ရှိရာ အဆိုပါအဖွဲ့၏ တိုင်းအဆင့်ခေါင်းဆောင်များတွင် ဗိုလ်ချုပ် ချိုထွန်းအောင်လည်း ပါဝင်ကြောင်း သိရသည်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ပြီးခဲသည့် ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့က ဗိုလ်ချုပ် ချိုထွန်းအောင်ကို ၎င်းကိုယ်တိုင် ဝဏ္ဏကျော်ထင်ဘွဲ့တံဆိပ်နှင့် ရွှေ ၅ ကျပ်သားဂုဏ်ပြုဆု ချီးမြှင့်ခဲ့သည်။

Golden Valley Warriors အဖွဲ့အနေဖြင့် စစ်တပ်၏ အကြီးစားဒေါက်တိုင်များကို စဉ်ဆက်မပြတ် ဖြိုဖျက်ရန် သတင်းထောက်လှမ်းလျက်ရှိပြီး အကြမ်းဖက်လေတပ် လေယာဉ်မှူးများ၏ အချက်အလက်များကိုလည်း စုဆောင်းလျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ထို့ပြင် Golden Valley Warriors အဖွဲ့အနေဖြင့် ရန်ကုန်မြို့ပြပေါ်တွင် ပြည်သူများနှင့်အတူ တစ်သားတည်း ရှိနေပြီး အကြမ်းဖက်စစ်တပ်၏ ဒေါက်တိုင်များကို ပြည်သူ့အားနှင့် ဖြိုချကာ တိုက်ပွဲကို အနိုင်ယူမည်ဟုလည်း ဆိုထားသည်။

ဓာတ်ပုံ-Golden Valley Warriors
ပုံစာ-ဗိုလ်ချုပ် ချိုထွန်းအောင် ကို တွေ့ရစဉ်။
#စစ်ဘက်ဆိုင်ရာဘာသာရပ်များ #သင်ကြားပေးနေသူ #ဗိုလ်ချုပ်ချိုထွန်းအောင် #နေအိမ်ရှေ့ #ပစ်ခတ်ခံရ #Ayeyarwaddy_Times