
ဧရာဝတီတိုင်းမ်
မေ ၂၁ ရက်
ဗန်းမော် အမှတ်(၂၁)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ -၂၁) အတွင်း စစ်ကူလာရောက်ပို့ ဆောင်သည့် Mi 17 သုံးစင်းအနက် နှစ်စင်းကိုပစ်ချခဲ့ရာ ပျက်ကျရဟတ်ယာဉ်မှ စစ်ကောင်စီတပ်ဖွဲ့ဝင် အလောင်းများကို တွေ့ရှိခဲ့ကြောင်း သိရသည်။
ဗန်းမော်မြို့သို့စစ်ကူလာသည့်ရဟတ်ယာဉ်များကို ယမန်နေ့ မေ ၂၀ ရက်တွင် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) က ပစ်ချခဲ့ရာ တစ်စီးမှာလုံးဝပျက်စီးပျက်ကျသွားပြီး နောက်တစ်စီးမှာလည်း ရွှေကူမြို့သို့ အရေးပေါ်ဆင်းသက်ခဲ့ရကြောင်း သိရသည်။
ရွှေကူမြို့နှင့် ၁၅ မိုင်ခန့်အကွာ တောထဲတွင် ပျက်ကျသွားသည့် ရဟတ်ယာဉ်ကို KIA အဖွဲ့များက သွား ရောက်စစ်ဆေးရာ စစ်ကောင်စီတပ်ဖွဲ့ဝင် အလောင်း ၁၆ လောင်းနှင့် လက်နက်များကို တွေ့ရှိခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့များထံမှ သိရသည်။
လက်နက်ထိမှန်၍ ရွှေကူမြို့သို့ အရေးပေါ်ဆင်းသက်ခဲ့သည့် ရဟတ်ယာဥ်တစ်စီးကိုလည်း KIA က ယနေ့ မေ ၂၁ ရက် မွန်းလွဲ ၁ နာရီ ၃၀ မိနစ်တွင် ဒရော့ဗုံးများဖြင့် သွားရောက်ဖျက်ဆီးနိုင်ခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်ထံမှ သိရသည်။
“KIA ရဲ့ တပ်မဟာ ၁၁ အဖွဲ့က ဒရော့ဗုံးအပြင် လက်နက်ကြီးတွေနဲ့ပါ သွားရောက်ပစ်ခတ်တာ အကုန်လုံးပျက်စီးသွားပြီ။ ရဟတ်ယာဉ်ကို ကာထားတဲ့ သံချပ်ကားတွေပါ ပျက်စီးတယ်”ဟု စစ်ရေး သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
အလုံးစုံမီးလောင်ပျက်စီးသွားသည့် ရဟတ်ယာဉ်ကို KIA နှင့်ပူးပေါင်းတပ်ဖွဲ့များက သွားရောက် စစ်ဆေးရာ စစ်ကောင်စီလေတပ်မှ ဗိုလ်ကြီးအဆင့်ရှိ အလောင်းတစ်လောင်းနှင့် မီးကျွမ်းကျုံ့ဝင် နေသည့် အလောင်း ၁၆ လောင်းကို ထပ်မံတွေ့ရှိခဲ့ကြောင်း သိရသည်။
ပျက်စီးနေသည့်ရဟတ်ယာဉ်နှင့်အတူ လက်နက်ကြီး၊ လက်နက်ငယ် ၁၄ လက်ထက်မနည်းကို ရှာဖွေတွေ့ရှိခဲ့ကြောင်း ရုပ်သံမှတ်တမ်းများအရ သိရသည်။
ပုံစာ-အလုံးစုံပျက်ကျခဲ့သည့် ရဟတ်ယာဉ်နှင့် ယာဉ်ပေါ်ပါ အစိတ်အပိုင်းများကို တွေ့ရစဉ်
#ကချင် #ဗန်းမော် #စစ်ကူရဟတ်ယာဉ် #ပစ်ချခံရ #စစ်ကောင်စီ #ရုပ်အလောင်း၁၆လောင်း #Ayeyarwaddy_Times