
ဧရာဝတီတိုင်းမ်
(ရေဖြူ) ၊ မေ ၂၀ ရက်
ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေးလမ်းရှိ သိန်ခွန်းကျေးရွာဝန်းကျင်တွင် ငါးလနီးပါးအကြာတိုက်ပွဲဖြစ်ပွားနေပြီး အဆိုပါတိုက်ပွဲမှနေ၍ စစ်မှုထမ်းသင်တန်းအမှတ်စဥ် (၈) မှစစ်ကောင်စီတပ်သား တစ်ဦး လက်နက်အပြည့်စုံဖြင့်အလင်းဝင်ရောက်လာကြောင်း မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်တော် ၊တပ်ရင်း (၃) ထံမှသိရသည်။
စစ်ကောင်စီ၏ ခမရ – ၄၃၁ တပ်ရင်းမှ တပ်သားချစ်ကိုသည် ပြီးခဲ့သည့် မေလ ၁၅ ရက်နေ့က ၎င်း နှင့်အတူ MA-1 သေနတ် တစ် လက်၊ ကျည် ၁၄၇ တောင့် ၊ ကျည်ဘောက် သုံး ခု တို့နှင့်အတူ အလင်းဝင်ရောက်လာခဲ့ခြင်းဖြစ်ပြီး မြိတ်ခရိုင် တပ်ရင်း (၃) တပ်ရင်းမှူးမှကြိုဆိုခဲ့ ကြောင်းသိရသည်။
”အလင်းဝင်ရောက်လာတဲ့တပ်သားက မြဝတီမြို့ကပါ။ မြဝတီ မှာ အဓမ္မစစ်မှု ထမ်းစုဆောင်းခံခဲ့ရတဲ့ စစ်မှုထမ်းအမှတ်စဥ် (၈) သတင်တန်းဆင်းပါ။ ခမရ – ၄၃၁ တပ်ရင်းကို ရောက်လာတာ တစ်လလောက်ပဲရှိသေးတယ်။ သူက ရှေ့တန်းစခန်းကနေထွက်ပြေးလာပြီးကျွန်တော်တို့ဆီမှာအလင်းလာဝင်တာပါ။ အခုအလင်းဝင်လာသူက စစ်ကောင်စီကိုလက်နက်ကိုင်ပြီး ပြန်တိုက်မယ်လို့ပြောတယ်။ ကျွန်တော်တို့ဘက်ကတော့သူ့ကို အချိန်ယူပြီးစဥ်းစားဆုံးဖြတ်ဖို့ပြောထားတယ်။ သူ့ရဲ့ဆုံးဖြတ်ချက်ခိုင်မာဖို့အတွက်ပါ” ဟု မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် ၊တပ်ရင်း (၃) မှ ပြန်ကြားရေးတာဝန်ခံ ရဲဘော်ကိုချမ်းက ဧရာဝတီတိုင်းမ်ကိုပြောသည်။
ထိုသို့ အလင်းဝင်ရောက်လာသည့် စစ်ကောင်စီတပ်သားကို ကောင်းမွန်စွာစောင့်ရှောက်ထားပြီး လက်နက်နှင့်အတူအလင်းဝင်ရောက်လာသည့်အတွက် ချီးမြှင့်ငွေများပေးအပ်နိုင်ရန်ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း အဆိုပါတပ်ရင်းထံမှ သိရသည်။
တနင်္သာရီမြို့နယ်၊ ထုံခါ-မောတောင်လမ်းသို့ အင်အား ၃၀၀ ခန့်ပါ စစ်ကောင်စီစစ်ကြောင်းသည် ယမန်နှစ် ဒီဇင်ဘာ ၂၈ ရက် နေ့မှစတင်ကာ စစ်ကြောင်းထိုးလာသည့်အတွက် တော်လှန်ရေးမဟာမိတ်တပ်ပေါင်းစုနှင့် သိန်ခွန်းကျေးရွာအနီးတွင် ယနေ့ အချိန်အထိ တိုက်ပွဲဖြစ်ပွားလျက်ရှိသည်။
သိန်ခွန်းကျေးရွာအနီးတိုက်ပွဲမှာ ငါးလခန့်ကြာမြင့်ခဲ့ပြီဖြစ်ကာ စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများခဲ့ပြီးနောက် တော်လှန်ရေးတပ်ဖွဲ့ဝင်များထံသို့ အလင်းဝင်ရောက်လာသူ များပြားလာခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
အဆိုပါ စစ်ကြောင်းမှ (၁၀၃)တပ်ရင်းမှူးသည် ရှေ့တန်းမှ ထွက်ပြေးသွားခဲ့ရာ မြိတ်ခရိုင်၊ ပြည်သူ့ကာကွယ် ရေးတပ်မတော်၊ တပ်ရင်း(၁) မှ ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့ပြီး ယခု မေလအတွင်းကလည်း စစ်ကောင်စီလက် အောက်ခံ ရဲတပ်သားတစ်ဦးကို မြိတ်ခရိုင်၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တပ်ရင်း(၂)က ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ဖမ်းဆီးရမိခဲ့သည်။
တနင်္သာရီတိုင်းစစ်ဌာနအောက်ရှိ တပ်ရင်းတပ်ဖွဲ့များထံသို့ ဧပြီလ နှင့် မေလအတွင်း အလင်းဝင်ရောက်လာခဲ့သူ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၄ ဦးရှိပြီဖြစ်ကြောင်း သိရသည်။
အလင်းဝင်ရောက်ရာတွင် လက်နက်နှင့် အလင်းဝင်ရောက်လာသူများကို ချီးမြှင့်ငွေများ ပေးအပ်လျက်ရှိပြီး စစ်ကောင်စီတပ်သားများအနေဖြင့် အချိန်မရွေးလာရောက်၍ ပြည်သူနှင့်အတူ ပူးပေါင်းကြရန် အဆိုပါတပ်ရင်းများမှ ထုတ်ပြန်ထားသည်။
ဓာတ်ပုံ ၊ မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တပ်ရင်း (၃) ။
ပုံစာ ၊ လက်နက်အပြည့်စုံဖြင့်အလင်းဝင်ရောက်လာသော ခမရ -၄၃၁ တပ်ရင်း မှ စစ်ကောင်စီတပ်သား။
#သိန်ခွန်းတိုက်ပွဲ #စစ်မှုထမ်းသင်တန်းဆင်း #တပ်သား၁ဦး #လက်နက်အပြည့်အစုံ #အလင်းဝင် #စစ်ကောင်စီ #ပြန်လည်တိုက်ခိုက် #Ayeyarwaddy_Times