
ဧရာဝတီတိုင်း
မေ ၁၉ ရက်
စစ်တပ်အာဏာသိမ်းမှုအပါအဝင် စစ်မှုထမ်းဥပဒေကြောင့် လူငယ်လူရွယ်များ ပြင်ပထွက်ခွာမှု များလာသဖြင့် အခြေခံအလုပ်သမား ရှားပါးလာကာ ပြည်တွင်းရှိအထည်ချုပ်စက်ရုံအပါအဝင်စက်ရုံအချို့တွင် ဝန်ထမ်းဦးရေ ရာနှင့်ချီခေါ်ယူနေကြောင်း သိရသည်။
အလုပ်သမားအားအင်အားအများအပြား အသုံးပြုရသည့် ကုန်ကြမ်းယူ ကုန်ချောပေး လက်ခစားလုပ်ငန်း (CMP) အထည်ချုပ်စက်ရုံနှင့် အခြား စက်ရုံ၊ အလုပ်ရုံများတွင် ဝန်ထမ်းလိုအပ်ချက်များပြားလာကာ ဝန်ထမ်းခေါ်ယူမှုပုံမှန်ရှိနေပြီး တစ်ဖက်တွင်လည်း လုပ်ခလစာနည်းပါးမှုကြောင့် ဆန္ဒပြထုတ်ဖော်မှုများရှိနေကြောင်းသိရသည်။
လှိုင်သာယာမြို့နယ်ရှိ လက်ဝါးအထည်ချုပ်စက်ရုံ (၁) တွင် စက်ချုပ်ကျွမ်းကျင်လူဦးရေ ၅၀၀ ဦးခေါ်ယူခြင်း၊ Opal International အထည်ချုပ်ကုမ္ပဏီတွင် စက်ချုပ်ကျွမ်းကျင်နှင့် စက်ချုပ်သင်ခေါ်ယူခြင်းအပါအဝင် စက်ရုံများတွင် လုပ်သားလိုအပ်ချက် များပြားနေကြောင်းသိရသည်။
ထို့ပြင် Sunday ကော်ဖီနှင့်လက်ဖက်ရည် ကုမ္ပဏီမှ ပါကင်နေ့စားဝန်ထမ်း ( အခြေခံပညာအလယ်တန်းအဆင့်) အမျိုးသမီး ၁၀၀ ဦး၊ တက္ကသိုလ်အဆင့်/ဘွဲ့ရ QC ဝန်ထမ်း အမျိုးသမီး ၃၀ ဦး နှင့် အခြေခံပညာ အထက်တန်းအဆင့် Operator Helper အမျိုးသား ၅၀ ဦးခန့်နှင့်အခြား ဝန်ထမ်းများကို ခေါ်ယူနေကြောင်း သိရသည်။
“ အခြေခံအလုပ်သမားတွေက တော်တော်ရှားသွားပြီ။ ကုန်ဈေးနှုန်းကြီးပြီးလစာနည်းတော့ နိုင်ငံခြားပဲထွက်ကုန်တယ်။ လစာနည်းနည်းလေးနဲ့ခိုင်းနေတော့ နိုင်ငံခြားပဲထွက်ကုန်ပြီ။ ဒီလိုစက်ရုံတွေအများကြီးပဲ။ လစာလည်း ဒီထက်များတယ်။ ဒီမှာရှိတဲ့သူဌေးတွေကနားမလည်ကြဘူး။ အခြေခံဝန်ထမ်းရှားလာပြီ” ဟု ပြည်တွင်းကုမ္ပဏီတစ်ခုရှိ HR ဝန်ထမ်းအမျိုးသမီးတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
ပြည်တွင်းရှိအထည်ချုပ်စက်ရုံများတွင် တစ်ရုံနှင့်တစ်ရုံ နေ့စားလုပ်ခပေးနှုန်း မတူသော်လည်း စက်ရုံအများစုသည် တစ်ရက်လုပ်ခ ကျပ် ၈၅၀၀ မှ ၈၈၀၀ ကျပ်၊ အချို့စက်ရုံများက တစ်နေ့လုပ်ခ ကျပ် ၁၄၀၀၀ ပေးပြီး အချို့စက်ရုံများတွင်မူ ယင်းထက်လျော့ကျပေးကြောင်း အထည်ချုပ်ဝန်ထမ်းအမျိုးသမီးများထံမှ သိရသည်။
“ အထည်ချုပ်မှာအနည်းဆုံးက လေးသိန်းတော့ရတယ်။ အဲဒါအချိန်ပိုကြေးတွေအပါအဝင်။ လုပ်သက်ကြာတဲ့သူတွေတော့ပိုရတယ်။ လစာနည်းတဲ့စက်ရုံတွေပိုများတယ်” ဟု လှိုင်သာယာစက်မှုဇုန်ရှိ အထည်ချုပ်ဝန်ထမ်းအမျိုးသမီးငယ်တစ်ဦးက ဧရာ၀တီတိုင်းမ်ကိုပြောသည်။
ပြီးခဲ့သည့်ရက်ပိုင်းမှာပင် လှိုင်သာယာ( အနောက်ပိုင်း)ရှိ ကမ္ဘာကျော်ဖိနပ် adidas ဖိနပ်ချုပ်သောစက်ရုံ ချန်းရိကုမ္ပဏီတွင် လုပ်ခလစာတိုးပေးရန်အတွက် စက်ရုံဝန်ထမ်းများက ၃ ရက်ဆက်တိုက် ဆန္ဒပြမှုများ ဖြစ်ပေါ်ခဲ့သည်။
လက်ရှိလုပ်ငန်းလည်ပတ်နေသောအထည်ချုပ်စက်ရုံများတွင် တရုတ်ပိုင်ကုမ္ပဏီ ၃၃၆ ရုံ၊ ကိုရီးယား ၅၆ ရုံ၊ မြန်မာ ၆၅ ရုံ၊ ဂျပန် ၁၇ ရုံ၊ အခြားပိုင်ရှင် ၁၉ ရုံ၊ JV နှင့်အခြားအသေးစား ၇၅ ရုံရှိပြီး စုစုပေါင်း ၅၆၇ စက်ရုံနှင့် ယာယီပိတ်ထားသည့်စက်ရုံ ၅၃ ရုံရှိကြောင်း မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း ( MGMA) ထံမှ သိရသည်။
လက်ရှိCMP လက်ခစားလုပ်ငန်းနယ်ပယ်ထဲတွင် အထည်ချုပ်လုပ်ငန်း၊ ဖိနပ်ချုပ်လုပ်ငန်း၊ ဦးထုပ်ချုပ်လုပ်ငန်း၊ ရာဘာပစ္စည်းထုတ်လုပ်သည့်လုပ်ငန်း၊ ထရန်စဖော်မာအပိုပစ္စည်းလုပ်ငန်း၊ မှန်ဘီလူးလုပ်ငန်း၊ ဆေးဘက်ဆိုင်ရာပစ္စည်းကိရိယာလုပ်ငန်း၊ အသက်ကယ်လှေနှင့်ဆက်စပ်ပစ္စည်းလုပ်ငန်း၊ ပီနံအိတ်လုပ်ငန်း၊ ဖဲပြားလုပ်ငန်း၊ ပလပ်စတစ်လုပ်ငန်း၊ သတိုးသမီးဝတ်စုံလုပ်ငန်း၊ ဆံပင်တုလုပ်ငန်းနှင့် ကျောက်စိမ်းပန်းကပ်လုပ်ငန်းများပါဝင်ကြောင်း CMP လုပ်ငန်းများကြီးကြပ်ရေးကော်မတီထံမှ သိရသည်။
ဓာတ်ပုံ – ဧရာဝတီတိုင်းမ်
#အခြေခံဝန်ထမ်းလိုအပ်ချက်များ #အထည်ချုပ်စက်ရုံ #စက်ရုံအလုပ်ရုံများ #ဝန်ထမ်းရာနှင့်ချီခေါ် #Ayeyarwaddy_Times