ဆောင်းပါးရှင် – ဒေါက်တာမိုးသစ်နေ
(ဧရာ၀တီတိုင်းမ်၊ မေ ၁၈ ရက်)

နေမကောင်းဖြစ်တဲ့အခါ လူနာရော မိသားစုပါ ဆေးကုသဖို့ ပြင်ဆင်ကြရပါတယ်။ လူနာတွေအနေနဲ့ ကျန်းမာရေး စောင့်ရှောက်မှုမှာ မျှော်လင့်ချက်တွေ ရှိကြပါတယ်။ ဆေးရုံဆေးခန်းတွေမှာ ဖြစ်ပေါ်နေတဲ့ ထိတွေ့မှု ပြဿနာတွေကို ဖြေရှင်းနိုင်ဖို့အတွက် လူနာတွေရဲ့ ခံစားချက်နဲ့ မျှော်လင့်ချက်တွေကို နားလည်ဖို့က အရေးကြီးပါတယ်။

#အမြန်ဆန်ဆုံးကုသမှုရယူလိုခြင်း

စစ်ကောင်စီက ထိန်းချုပ်ထားတဲ့ နယ်မြေမှာဖြစ်ဖြစ် လွတ်မြောက်နယ်မြေမှာဖြစ်ဖြစ် လူနာတိုင်းက ကုသမှုကို အမြန်ဆန်ဆုံး ရချင်ကြပါတယ်။ နာကျင်ခြင်းခံစားရပါက အနာပျောက်ဆေးရဖို့က သူတို့ရဲ့အဓိက ဆန္ဒဖြစ်ပါတယ်။

ဆေးရုံဆေးခန်းတွေမှာ အလှည့်ကျစနစ်ဖြင့် ပြသရတဲ့အခါမှာတော့ ကြာရှည်စွာစောင့်ဆိုင်းရခြင်း ပြဿနာဟာ လူနာနဲ့လူနာရှင်နေတွကို စိတ်မသက်မသာဖြစ်စေပါတယ်။

#ပုဂ္ဂလိကဆေးရုံနှင့်ပြင်ပလူနာဌာန

လူနာတွေကြားမှာ ဝေဖန်မှု အများဆုံးကတော့ နာမည်ကြီး အထူးကု ဆရာဝန်ကြီးတွေရဲ့ ဆေးခန်းထိုင် ချိန်ကို စောင့်ဆိုင်းရတဲ့ ပြဿနာပါပဲ။

ပုဂ္ဂလိက ဆေးရုံကို ရွေးချယ်တာဟာ မြန်မြန်ဆန်ဆန်နဲ့ သက်သောင့်သက်သာ ဝန်ဆောင်မှု ရချင်လို့ ငွေပေး၍ဝယ်ခြင်းပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ ပုဂ္ဂလိက ဆေးရုံ ပြင်ပလူနာဌာနတွေမှာ ဆရာဝန်နဲ့ ပြမယ့် အချိန်ကို တိတိကျကျ မခေါ်ဘဲ အချိန်အကြာကြီး စောင့်ဆိုင်းရတာမျိုးတွေ ရှိတတ်ပါတယ်။

တစ်ခါတလေ ဆရာဝန် လမ်းပိတ်လို့ နောက်ကျတယ်လို့ ပြောတာမျိုးတွေကြောင့် လူနာနဲ့ ဆရာဝန်ကြားမှာ ပြဿနာတွေ ဖြစ်ခဲ့ဖူးပါတယ်။ ဒါကြောင့် ဆရာဝန်၊ လူနာ၊ ဆေးရုံ သုံးဦးသုံးဖက် အဆင်ပြေမယ့် အချိန်စီမံခန့်ခွဲမှု စနစ်တစ်ခု မဖြစ်မနေ လိုအပ်ပါတယ်။

#ရုပ်ဆိုးအကျည်းတန်သောအကျင့်ဆိုးတစ်ခု

VIP အလှည့်ကျော်စနစ် ဆိုတာ စနစ်မကောင်းတဲ့ နေရာတိုင်းရှိပါတယ်။ စစ်သားနှင့် တပ်အသိုင်း အဝိုင်းက လူနာဖြစ်နေလို့၊ လွှတ်တော်ကိုယ်စားလှယ်မိသားစု လူနာဖြစ်နေလို့၊ ဒုတိယသမ္မတ အိမ်က အိမ်အကူ လူနာဖြစ်နေလို့၊ ဆေးရုံအုပ် သားမက်ရဲ့ သူငယ်ချင်းလူနာဖြစ်‌နေလို့၊ ပရဟိတလူနာတင် ယာဉ်အဖွဲ့ ကားဆရာရဲ့ ယောက်ဖလူနာဖြစ်နေလို့၊ နိုင်ငံကျော်ဘုန်းကြီးရဲ့ကပ္ပိယလူနာ ဖြစ်နေလို့၊ မီဒီယာသမားနဲ့ ပတ်သက်နေလို့ စသည့်ဖြင့် စနစ်မကောင်းတဲ့ နေရာတိုင်းမှာ VIP အလှည့်ကျော်စနစ် ရှိနေတတ်ပါတယ်။

အကြောင်းအမျိုးမျိုးကြောင့် VIP အခွင့်ထူးခံ လူနာတွေဟာ အလှည့်ကျော်ပြီး မြန်မြန် ကုသမှု ခံယူချင်ကြပါတယ်။ တကယ်တော့ ဒါဟာ အပင်ပန်းခံ တန်းစီနေတဲ့ လူအများရဲ့ အချိန်ကို ခိုးယူလိုက်တာနဲ့ အတူတူပါပဲ။ ကိုယ့်အလှည့် မြန်မြန်ရောက်ဖို့ ငွေပေးပြီး စာရင်းကိုင်ကို တောင်းဆို တာတွေကလည်း မကောင်းတဲ့ စနစ်ကို ပိုဆိုးစေပါတယ်။

တကယ်တမ်း ဆေးကုသတဲ့ ဆရာဝန်တွေအတွက် ဦးစားပေး လူနာဆိုတာ အချိန်မီ မကုသရင် အသက်အန္တရာယ် ရှိနိုင်တဲ့ လူနာကိုသာ ဆိုလိုပါတယ်။ အမှန်ကတော့ အရေးပေါ် လူနာကို အချိန်မီ ကယ်တင်နိုင်ဖို့ လူနာရဲ့ အခြေအနေအလိုက် အမြန်ဆုံး ကုသပေးနိုင်တဲ့ Triage စနစ်ကို ဆေးရုံ ဆေးခန်းတိုင်းမှာ မဖြစ်မနေ ကျင့်သုံးသင့်ပါတယ်။

လူနာတွေ မျှော်လင့်တာကလည်း ကိုယ်တိုင် အသက်အန္တရာယ်နဲ့ ကြုံလာတဲ့အခါ အချိန်မီ ကယ်ဆယ်နိုင်တဲ့ ကျန်းမာရေး စနစ်တစ်ခုပဲဖြစ်ပါတယ်။

#အခမဲ့ကျန်းမာရေးစနစ်

လူ့သဘောသဘာဝအရ အလကားရရင် တန်ဖိုးမထားတတ်ကြပါဘူး။ အခမဲ့ကျန်းမာရေး စနစ်ကို ဖော်ဆောင်တဲ့ အချိန်မှာ ကျန်းမာရေး ဝန်ထမ်းတွေကို အကောင်း မမြင်ခဲ့ကြသူတွေ ရှိခဲ့ပါတယ်။

ဒါပေမဲ့ COVID ကာလ အားလုံး တသွေးတသားတည်း ရင်ဆိုင်ခဲ့ရတဲ့ အချိန်မှာတော့ ပြည်သူတွေက ကျန်းမာရေး ဝန်ထမ်းတွေကို ချစ်ခင် လေးစားလာကြပါတယ်။ အာဏာမသိမ်းခဲ့ရင် မြန်မာနိုင်ငံရဲ့ ကျန်းမာရေး စောင့်ရှောက်မှု အဆင့်အတန်းဟာ အာဆီယံမှာ ထိပ်တန်းအဆင့်ကို ရောက်နေမှာ သေချာပါတယ်။

လက်ရှိ စစ်တပ် အာဏာသိမ်းထားတဲ့ အချိန်မှာတော့ နိုင်ငံတော် ဘဏ္ဍာငွေကို စစ်ရေးအတွက်သာ အဓိက သုံးစွဲနေတာကြောင့် ပြည်သူ့ ဆေးရုံတွေဟာ အရင် စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေ လက်ထက်ကလိုပဲ နုံချာနေပါတယ်။

“အခမဲ့ ကုသပေးသည်” ဆိုပေမဲ့ ဆေးရုံမှာ ဆေးဝါး မရှိပါဘူး။ လူနာတွေ တကယ် လိုအပ်တာက မှန်ကန်တဲ့ ကုသမှု ပေးနိုင်တဲ့ ဆရာဝန်တွေ၊ ကမ္ဘာ့အဆင့်မီ ရောဂါ ရှာဖွေရေး စက်တွေ၊ ကုသပစ္စည်း တွေနဲ့ ဆေးဝါးတွေပါ။

ဒီအရာတွေကို အခမဲ့ ကျန်းမာရေး စနစ်နဲ့ စစ်အာဏာသိမ်းမှုက ပေးနိုင်မှာ မဟုတ်ပါဘူး။ ကောင်းမွန်တဲ့ ကျန်းမာရေး အာမခံ စနစ်နဲ့ ပညာရှင်တွေကို တန်ဖိုးထားတဲ့ လူ့အဖွဲ့အစည်းနဲ့သာ တည်ဆောက်နိုင်မှာပဲ ဖြစ်ပါတယ်။

#လူနာစောင့်နှင့်အထူးကြပ်မတ်‌ကုသဆောင်(ICU)

ICU မှာ ပြင်းထန်တဲ့ ရောဂါသည်တွေကို ကုသရပါတယ်။ လူနာရဲ့ ခန္ဓာကိုယ်ကို စက်တွေနဲ့ အချိန်တိုင်း စောင့်ကြည့်ပြီး ကုသမှု ပေးရပါတယ်။ ကျွမ်းကျင်တဲ့ ဝန်ထမ်းတွေ လိုအပ်သလို လူနာစောင့်တွေကို ICU ထဲ ဝင်ခွင့် မပြုတာဟာလည်း နိုင်ငံတကာ စံနှုန်းတစ်ခု ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာတော့ လူနာကို ပြုစုဖို့ လူနာစောင့်ကို ICU ဝင်ခွင့် မပေးတာကို ပြဿနာ ရှာတတ်ကြပြီး ကိုယ်တိုင် ကြုံတွေ့ခဲ့ဖူးပါတယ်။ ဒါကြောင့် လူနာရှင်တွေကို ကျန်းမာရေး ပညာပေး အစီအစဉ်တွေနဲ့ သေချာ ရှင်းပြဖို့ လိုအပ်ပါတယ်။ လူနာနဲ့ မိသားစုကို အကျိုးအကြောင်း ရှင်းပြတာဟာလည်း ဆေးကုသမှုရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုပါ။

#ဆေးရုံတက်လူနာနှင့်မိသားစု

ဆေးရုံတက် ကုသမှု ခံယူနေစဉ်မှာ လူနာရော မိသားစုပါ စိတ်ဖိစီးမှုတွေ များတတ်ပါတယ်။ လူနာနှင့်လူနာမိသားစုအတွက် သက်တောင့်သက်သာရှိစေဖို့ စဉ်းစားပြီး ဆောက်လုပ်ထားတဲ့ ဆေးရုံ အဆောက်အအုံဆိုတာ မြန်မာနိုင်ငံမှာ ရှားပါတယ်။

အရင်က တိရစ္ဆာန်ရုံ၊ ရုံး၊ ဘာသာရေး အဆောက်အအုံတွေကို ပြန်လည် ပြုပြင်ပြီး ဆေးရုံအဖြစ် သုံးနေတာတွေ ရှိပါတယ်။ ဒီ အဆောက်အအုံဟောင်းတွေက ခေတ်နဲ့ မညီတော့သလို အိုဟောင်း ပျက်စီးနေတတ်ပါတယ်။

လူနာစောင့်အတွက် နေထိုင်စရာ နေရာ မရှိသလို သန့်ရှင်းရေးနဲ့ လုံခြုံရေး အပိုင်းမှာလည်း အားနည်းချက်တွေ ရှိပါတယ်။ လူနာ ပြုစုစောင့်ရှောက်ရေးမှာ သူနာပြုတွေရဲ့ အလုပ်တွေကို မိသားစုဝင်တွေ ကိုယ်တိုင် လုပ်ရတာမျိုးတွေ ရှိပါတယ်။

ချွဲစုပ်တာ၊ နှာခေါင်းပိုက်ကနေ အစာထည့်တာ၊ သွေးဘဏ်ကနေ သွေးထုတ်ယူတာတို့ကနေ စပြီး ကင်ဆာဆေးသွင်းခြင်းကဲ့သို့ ကိစ္စများအထိပါ လူနာ‌စောင့်တွေနဲ့ စီမံနေရပါတယ်။

အထူးကု ဆရာဝန် တစ်ဦးထက် ပိုပြီး ကုသဖို့ လိုအပ်တဲ့ အခြေအနေမျိုးမှာ ဆေးရုံ လွှဲစာနဲ့ တခြား ဆေးရုံကို သွားပြရတာဟာလည်း လူနာနဲ့ မိသားစုအတွက် အခက်အခဲ တစ်ခု ဖြစ်ပါတယ်။ ၂၁ ရာစု ရောက်နေပေမဲ့ ကျန်းမာရေး စနစ်ဟာ လွန်ခဲ့တဲ့ နှစ် ၁၀၀ လောက်က စနစ်အတိုင်းပဲ ရှိနေပါသေးတယ်။

ခေတ်ပျက် စနစ်ပျက်ကာလမှာတော့ နေမကောင်းတဲ့ အခါ စာနာမှုနဲ့ ကူညီ ကုသပေးမယ့် ကျန်းမာရေး ဝန်ထမ်းတွေ၊ မှန်ကန်တဲ့ ကုသမှုတွေနဲ့ ကောင်းမွန်တဲ့ စနစ်တွေနဲ့ ကုသနိုင်ဖို့သာ လူနာတွေက မျှော်လင့် နေကြတာ အမှန်ပါပဲ။

တစ်ချိန်မှာ ကောင်းမွန်ပြီး လူတိုင်း လက်လှမ်းမီတဲ့ ကျန်းမာရေး စနစ်ကို ရရှိဖို့ မျှော်လင့်မိပါတယ်။

နောက်တစ်ပတ်မှာတော့ “ခြင် နှင့် ကျန်းမာရေး” ဆောင်းပါး ဖော်ပြသွားပါမယ်။ ဧရာဝတီတိုင်းမ် မီဒီယာရဲ့ ပရိသတ်များအားလုံး ရွှင်လန်း ကျန်းမာကြပါစေ။

#ကျန်းမာရေးအသိပညာပေးကဏ္ဍ #ပဋိပက္ခကာလအတွင်းရှင်သန်နေထိုင်ခြင်း #လူနာများမျှော်လင့်သောကျန်းမာရေးဝန်ဆောင်မှု #ကျန်းမာရေးအသိပညာပေးဆောင်းပါး #Ayeyarwaddy_Times