(မလေးရှား)၊ဧရာဝတီတိုင်းမ်
မေလ ၁၈ ရက်

အထောက်အထားမဲ့ နိုင်ငံခြားသားများအနေဖြင့် ပြစ်ဒဏ်ကျခံစရာမလိုတော့ဘဲ နေရပ်ပြန်လည်ပို့ဆောင်ခံရမည့် အစီစဉ်ကို ပြန်လည်စတင်တော့မည်ဟု မလေးရှား ပြည်ထဲရေးဝန်ကြီး Datuk Seri Saifuddin Nasution Ismail က မေ ၁၆ ရက်နေ့တွင် ပြောကြားလိုက်သည်။

ထိုအစီအစဥ်ကို လာမည် ၂၀၂၅ ခုနှစ်၊ မေ ၁၉ ရက်နေမှစပြီး ၂၀၂၆ ခုနှစ်၊ ဧပြီ ၃၀ ရက်နေ့အထိ မလေးရှားတစ်နိုင်ငံလုံးအတိုင်းတာဖြင့် စတင်တော့မည်ဖြစ်ကြောင်း Datuk Seri Saifuddin Nasution Ismail က ဆိုသည်။

“အကြောင်းအမျိုးမျိုးကြောင့် မလေးရှားကို တရားမဝင်နေထိုင်သူတွေ၊ အလုပ်လုပ်ကိုင်သူတွေ၊ စာအုပ်ဗီဇာ သက်တမ်းကုန်ဆုံးသွားသူတွေအနေနဲ့ ပြစ်ဒဏ်ကျခံစရာမလိုတော့ဘဲ မိမိနိုင်ငံကို တရားဝင်လမ်းကြောင်းကနေ ပြန်လို့ရမှာဖြစ်ပါတယ်” ဟု မလေးရှားရောက်မြန်မာတစ်ဦးက ဧရာဝတီတိုင်းမ်းကို ပြောသည်။

မလေးရှားရောက် အထောက်ထားမဲ့နိုင်ငံခြားသားများအနေဖြင့် ပြစ်ဒဏ်ကျခံစရာမလိုတော့ဘဲ မိမိနိုင်ငံအသီးသီးကို တရားဝင်လမ်းကြောင်းဖြင့် ပြန်နိုင်ရေးအတွက် မလေးရှားအစိုးရမှပြုလုပ်ထားသည့် အစီအစဥ်ဖြစ်သည်။

ပြစ်ဒဏ်ကျခံစရာမလိုသော်လည်း ဒဏ်ငွေအဖြစ် မလေးရှားကို အထောက်ထားမဲ့ဝင်ရောက်မှု ( သို့မဟုတ် ) နေထိုင်မှုအတွက် မလေးရှား RM 500၊ ရက်လွန်နေထိုင်မှုအတွက် RM 500 နှင့် နယ်မြေဖြတ်ကျော်ခြင်းစည်းမျဥ်းချိုးဖောက်မှုအတွက် RM 300 တိုကို ဒဏ်ငွေပေးဆောင်ရမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် အထူးထွက်ခွာခွင့် (Special Pass) ရရှိရန်အတွက် မလေးရှား RM 20 နောက်ထပ် ပေးရမည်ဖြစ်သည်။

အသက်မပြည့်သေးသည့် ၁၈ နှစ်အောက် ကလေးများအတွက် ဒဏ်ငွေများမှ ကင်းလွတ်ခွင့်ပြုထားသော်လည်း အထူးထွက်ခွာခွင့် (Speacial Pass) အတွက် မလေးရှား Rm 20 ကို ပေးချေရမည်ဖြစ်ကြောင်း သိရှိရသည်။

ပြီးခဲ့သည့်နှစ်တွင် စာရင်းသွင်းခဲ့ပြီးဖြစ်သော်လည်း မလေးရှားနိုင်ငံမှထွက်ခွာခြင်းမရှိသောသူများ၊ အာဏာပိုင်များမှ ဖမ်းဆီးရန်အလိုရှိသောသူများ နှင့် လဝကမှ အမည်ပျက်စာရင်းသွင်းခံထားရသောသူများများသည် ယခုအစီစဥ်တွင် ပါဝင်ခွင့်မရကြောင်း သိရသည်။

ထို့အပြင် မလေးရှား လူဝင်မှုကြီးကြပ်ရေးအဖွဲ့ အနေဖြင့်လည်း အင်အားထပ်တိုးပြီး တစ်နိုင်ငံလုံး အတိုင်းတာဖြင့် အထောက်ထားမဲ့နိုင်ငံခြားသားများ ရှင်းလင်းရေးကို ဆက်လက်တိုးမြင့်လုပ်ဆောင်သွားမည်ဖြစ်ကြောင့် Datuk Seri Saifuddin Nasution Ismail က ပြောကြားထားသည်။

အထောက်အထားမဲ့ နိုင်ငံခြားသားများ ဖမ်းဆီးရှင်းလင်းရေးလုပ်ငန်းကို လဝကဌာနမှ ရဲဌာန၊ Rela ၊ အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန နှင့် ဒေသဆိုင်ရာအာဏာပိုင်များစသည့်ဌာနများ အားလုံးနှင့်ပူးပေါင်းပြီးလုပ်ဆောင်သွားမည်ဟု ဆိုသည်။

မလေးရှား လုပ်ငန်းရှင်များအနေဖြင့်လည်း အထောက်ထားမဲ့နိုင်ငံခြားသားများကို အလုပ်ခန့်အပ်ခြင်း သို့မဟုတ် နေစရာပေးခြင်းများပြုလုပ်ပါက သက်ညှာပေးမည်မဟုတ်ကြောင်းနှင့် အထောက်အထားမဲ့ နိုင်ငံခြားသားများကို အလုပ်ခန့်အပ်ခြင်းပြုလုပ်လာပါက ဒဏ်ငွေ RM 50,000 အပါအဝင် ထောင်ဒဏ် ငါးနှစ်ထက်မနည်း ချမှတ်ခံရမည်ဟု မလေးရှားအစိုးရက ကြေညာထားသည်။

#အထောက်အထားမဲ့နိုင်ငံခြားသားများ #ပြစ်ဒဏ်မပေးဘဲ #နေရပ်ပြန်ပို့သည့်အစီအစဉ် #မလေးရှားအစိုးရ #ပြန်လည်စတင်မည် #Ayeyarwaddy_Times