
ဧရာဝတီတိုင်းမ်
မေ ၁၈ ရက်
ပဲခူးတိုင်း၊ တောင်ငူမြို့၊ ကေတုမတီလေတပ်စခန်းအတွင်းသို့ ၁၀၇ မမ ရှော့တိုက်ဒုံး ၁၁ လုံးပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရှစ် လုံးအောင်မြင်စွာကျရောက်ပေါက်ကွဲခဲ့ကြောင်း Brave Warriors for Myanmar (BWM) အဖွဲ့မှ ထုတ်ပြန်ထားသည်။
ယနေ့ မေ ၁၈ ရက် နံနက် ၁ နာရီ ၄၈ မိနစ်အချိန်ခန့်တွင် ကေတုမတီလေ တပ်စခန်းကို ၁၀၇ မမ ရှော့တိုက်ဒုံး ၁၁ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရှစ် လုံး အောင်မြင်စွာ ကျရောက်ပေါက်ကွဲခဲ့ပြီး ထိခိုက်သေဆုံးပျက်စီးမှုရှိနိုင်ပြီး အခြေအနေကို စုံစမ်းနေဆဲဖြစ် သည်ဟု BWM က ဆိုသည်။
မကြာသေးမီက ဒီပဲယင်းမြို့နယ်၊ အိုးထိန်းတွင်း ကျေးရွာ စာသင်ကျောင်းမှ ကျောင်းသူ၊ ကျောင်းသား ကလေး သူငယ်များနှင့် ဆရာ၊ ဆရာမများကိုဗုံးကြဲ သတ်ဖြတ်မှုအပါအဝင် နိုင်ငံတစ်ဝန်းရှိ အရပ်ဘက်ပြည်သူများကို ပစ်မှတ်ထား ဗုံးကြဲသတ်ဖြတ်ပြခြင်းဖြင့် ၎င်း၏ မတရားလုယူထားသော အာဏာကို ဆက်လက်ဆုပ်ကိုင်ထားဖို့ကြိုးစားနေကြောင်း BWM ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါ လေတပ်စခန်းသည် စစ်ရာဇဝတ်မှုများ ကျုးလွန်ရာတွင် အရေးပါသော လေတပ်ဒေါက်တိုင် တစ်ခုအဖြစ် ထမ်းဆောင်ပေးနေသည့်အပြင် ယခုရက်ပိုင်း တောင်ပိုင်းတော်လှန်ရေး အင်အားစုများ၏ တော်လှန် ရေး လှုပ်ရှားမှုများကိုလည်း လေကြောင်းမှ တရစပ် ဗုံးကြဲ တိုက်ခိုက်ရာတွင် အဓိက ပါဝင်နေသည့် လေ တပ်စခန်း တစ်ခုဖြစ်သည့်အတွက် BWM Mission 37 အဖြစ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
စစ်ကောင်စီသည် မြေပြင်စစ်ဆင်ရေးများတွင် ပြည်သူ့တော်လှန်ရေးအင်အားစုများကို ရင်ဆိုင်နိုင်စွမ်း မရှိတော့ဘဲ ကျရှုံး မှုများစွာနှင့် ရင်ဆိုင်လာရသည့် စစ်ရှုံးကောင်စီသည် လေတပ်ကိုအားကိုး၍ ဝေဟင်အသာ စီးဖြင့် တော်လှန်ရေးအင်အားစုများကို တန်ပြန်တိုက် ခိုက်လာခြင်းဖြစ်သည်ဟု BWM က သတိပေးထုတ်ပြန်ထားသည်။
ထို့အပြင် နွေဦးတော်လှန်ရေး အောင်မြင်ရန် စစ်ကောင်စီလေတပ်ကို ပြိုလဲရန် လေတပ်များ၊ တိုက် လေယာဉ်များ၊ pilot များ၊ လေယာဉ်ဆီ၊ ဗုံးသီးတန် ဆာတို့ ထုတ်လုပ်သည့် စက်ရုံအပါအဝင် လေတပ်ကို အားဖြည့်သည့် ဒေါက်တိုင်မျိုးစုံတို့ကို ဖြိုလှဲရန် လက်လှမ်းမှီသည့် တော်လှန်ရေး အင်အားစုများ၊ ပြည်သူ များမှ တတ်နိုင်သည့်ဘက်မှ ဝိုင်းဝန်းကြိုးပမ်းကြရန် မေတ္တာရပ်ခံထားသည်။
အဆိုပါ တိုက်ခိုက်မှုကို Brave Warriors for Myanmar (BWM) ၊ Mountain Knight Civilian Defense Forces (MKCDF)၊ Anti-Coup People’s Liberation Force (ACPLF) နှင့် သံတောင် မြောက်ပိုင်း အထူးဒေသ အဖွဲ့ တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဓာတ်ပုံ-Brave Warriors for Myanmar (BWM
#တောင်ငူ #ကေတုမတီလေတပ်စခန်း #BWM #ရှော့တိုက်ဒုံး #၁၁ခု #ပစ်ခတ်တိုက်ခိုက် #Ayeyarwaddy_Times