
ဧရာဝတီတိုင်းမ်
မေ ၁၈ ရက်
ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းတွင် ပြည်သူ့စစ်မှုမထမ်းလို၍ ထွက်ပြေးတိမ်းရှောင် နေသည့် လူငယ်များကို ကျေးရွာအုပ်ချုပ်ရေးမှူး ဒေါ်နွယ်နွယ်နှင့် ကြံ့ခိုင်ရေးပါတီဝင်တို့ ပူးပေါင်းကာ စစ်ကောင်စီတပ်ကိုခေါ်၍ ဖမ်းဆီးခိုင်းကြောင်း ဒေသခံများထံမှ သိရသည်။
ငါးသိုင်းချောင်းမြို့၊ ဘုရားကုန်းကျေးရွာအုပ်ချုပ်ရေးမှူး ဒေါ်နွယ်နွယ် နှင့် ကြံ့ခိုင်ရေးပါတီဝင် ဦးခိုင်ဦး တို့သည် ဘုရားကုန်းကျေးရွာသို့ ထွက်ပြေးတိမ်းရှောင်လာသည့် ပြည်သူ့စစ်မှုထမ်း သုံးဦးကို စစ်ကောင်စီတပ်ခေါ်၍ ဖမ်းဆီးခဲ့သည်။
“ထွက်ပြေးတဲ့ စစ်မှုထမ်းတွေကို ဖမ်းဆီးတာရှိသလို၊ စစ်မှုထမ်းအတွက် ငွေကို နည်းမျိုးစုံနဲ့ တောင်းတယ်။ တစ်ချို့ဆိုရင် နားကပ်ချွတ်ပြီး ရောင်းပေးကြရတယ်။ ခြံပေါင်ပေးကြရတဲ့သူတွေ လည်းရှိတယ်” ဟု ဘုရားကုန်းကျေးရွာအုပ်စုရှိ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ဒေသခံများ၏ ပြောကြားချက်အရ ကျေးရွာအုပ်ချုပ်ရေးမှူး ဒေါ်နွယ်နွယ်နှင့် ရာအိမ်မှူး ဦးတိုးကြီးတို့သည် ဘုရားကုန်းကျေးရွာအုပ်စုရှိ အသက် ၁၈နှစ်မှ ၃၅နှစ်အတွင်းရှိ လူငယ်များကို တစ်ဦးလျှင် ကျပ်ငွေတစ်သိန်းခွဲ၊ အသက် ၃၅ နှစ်မှ အသက် ၆၀နှစ်အတွင်းရှိသူများကို ကျပ်ငွေ ငါးသောင်း တောင်းယူကြောင်း သိရသည်။
ထို့ပြင် နိုင်ငံခြားသို့ ရောက်ရှိနေသည့် လူငယ်အချို့၏ မိဘများကိုလည်း ခြိမ်းခြောက်ကာ ကျပ်ငွေ တစ်သိန်းခွဲ တောင်းယူကြောင်း ဒေသခံများက ဆိုသည်။
ပြည်သူ့စစ်မှုထမ်း ငှားရမ်းခ လူငယ်တစ်ဦးလျှင် ကျပ်ငွေ သိန်း ၁၇ဝ ပေးရသည်ဟု အုပ်ချုပ်ရေးမှူး ဒေါ်နွယ်နွယ်နှင့်အဖွဲ့က ပြောဆိုသော်လည်း စစ်မှုထမ်းအစားထိုးသူများ၏ အမှန်တကယ်ရရှိငွေမှာ ကျပ်သိန်း ၈၀ သာဖြစ်ကြောင်း ဒေသခံများက ပြောသည်။
ဧရာဝတီတိုင်းတွင် စစ်ကောင်စီခန့် ရပ်ကျေး၊ ရပ်ကွက် အုပ်ချုပ်ရေးမှူး၊ ဆယ်အိမ်မှူး၊ ရာအိမ်မှူး အများစုမှာ ပြည်သူ့စစ်မှုထမ်း အကြောင်းပြ၍ ငွေကြေး တောင်းယူမှုများ ပိုမို ပြုလုပ်လျက်ရှိကြောင်း သိရသည်။
ဧရာဝတီတိုင်းတွင် ပြီးခဲ့သည့် မေ ၅ ရက်နေ့က ပြည်သူ့စစ်မှုထမ်း အမှတ်စဉ် (၁၀) ကို သင်တန်းဆင်းပေးခဲ့ပြီး ယခုအခါ ပြည်သူ့စစ်မှုထမ်း သင်တန်း အမှတ်စဉ် (၁၂) ကို ဖွင့်လှစ်၍ စစ်သင်တန်းပေးလျက်ရှိသည်။
ပုံစာ-ကျေးရွာအုပ်ချုပ်ရေးမှူး ဒေါ်နွယ်နွယ်နှင့် ရာအိမ်မှူး ဦးတိုးကြီး
#ငါးသိုင်းချောင်း #စစ်မှုထမ်းရှောင် #အုပ်ချုပ်ရေးမှူး #ကြံ့ခိုင်ရေးပါတီ #စစ်ကောင်စီ #Ayeyarwaddy_Times