
ဧရာဝတီတိုင်းမ်
မေ ၁၈ရက်
ဧရာဝတီတိုင်း၊ အင်္ဂပူမြို့နယ်အတွင်းမှ ကျေးရွာများကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ထပ်မံပြုလုပ်ခဲ့ကြောင်း သိရသည်။
စစ်ကောင်စီသည် ယနေ့ မေ ၁၈ရက်၊ နံနက် ၆နာရီ ၄၀မိနစ်က အင်္ဂပူမြို့နယ်အတွင်းရှိ ကျေးရွာ သုံးရွာထက်မနည်းကို လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။
စစ်ကောင်စီသည် ခြင်ကိုက်ကွင်း၊ ဘယ်ပြားကုန်း၊ စာစီကုန်းကွင်းကျေးရွာများကို Y12 လေယာဉ်ဖြင့် လေ ကြောင်းတိုက်ခိုက်မှု ၁၈ ကြိမ် ပြုလုပ်ခဲ့ကြောင်း သိရသည်။
“လေကြောင်းကနေ ရဟတ်ယာဉ်ရော၊ ဂျက်ဖိုက်တာရော၊ ပါရာမော်တာနဲ့ပါ တိုက်ခိုက်တာ။ လေးရက် ဆက်တိုက်ရှိပြီ ဗုံးကြဲနေတာ” ဟု အင်္ဂပူဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီသည် ယမန်နေ့ မေ ၁၇ရက်ညပိုင်းကလည်း အဆိုပါကျေးရွာများကို လေကြောင်း တိုက်ခိုက်မှု ပြုလုပ်ခဲ့သည်။
ထို့အပြင် မေ ၁၅ရက်နှင့် မေ ၁၆ရက်နေ့ကလည်း ဘယ်ပြားကုန်း၊ စာစီကုန်းကွင်း၊ ခြင်ကိုက်ကွင်း၊ ဝါးတောကွင်း၊ ကြက်ပေါင်ကုန်း၊ သံပုရာကုန်းကျေးရွာများကို စစ်ကောင်စီက လေကြောင်းမှ တိုက်ခိုက်ခဲ့ကြောင်း ဒေသခံ သတင်းရင်းမြစ်များထံမှ သိရသည်။
စစ်ကောင်စီက အင်အားလိုအပ်ချက်ကြောင့် စစ်မှုထမ်းဥပဒေဖြင့် သင်တန်းဆင်းလာသည့် သင်တန်း သားသစ်များကို ရှေ့တန်းတိုက်ပွဲအတွင်းပို့ထားသော်လည်း တိုက်ခိုက်လိုစိတ်လုံးဝမရှိဘဲ ထွက်ပြေးမှု များနေကြောင်း သိရသည်။
ဓာတ်ပုံ-အင်တာနက်(ပုံဟောင်း)
#အင်္ဂပူ #စစ်ကောင်စီ #လေးရက်ဆက် #ဗုံးကြဲ #Ayeyarwaddy_Times