ဧရာဝတီတိုင်းမ်
(ရွှေကျင်)၊ မေ ၁၁ ရက်

ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်၊ ညောင်ခြေထောက်ကျေးရွာရှိ စစ်ကောင်စီ၏ ခမရ-၅၉၈ တပ်ရင်း ဌာနချုပ်ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ပြီးခဲ့သည့် မေ ၈ ရက်နေ့တွင် သိမ်းပိုက်ရရှိခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

စစ်ကောင်စီ၏ ခမရ-၅၉၈ တပ်ရင်းကို နှစ်ပတ်ကျော်ကြာ ဝိုင်းရံပိတ်ဆို့ခဲ့ပြီးနောက် မေ ၈ ရက်နေ့ တစ်ရက်တာ တိုက်ပွဲအတွင်း အပြီးသတ်သိမ်းပိုက်ရရှိခဲ့ကာ စစ်ကောင်စီတပ်ဖွဲဝင် အလောင်း ၃၀ ခန့်တွေ့ရှိခဲ့ပြီးစစ်သုံ့ပန်း ခြောက် ဦး နှင့် မိသားစုဝင် ခုနစ် ဦး အရှင်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ခလရ-၅၉၈ တပ်ရင်း၏ တပ်ရင်းမှူး နှင့် အရာရှိများအပါအဝင် တပ်ဖွဲ့ဝင် ၅၀ ဦးခန့်မှာ စခန်းစွန့်ခွာထွက်ပြေးသွားကြောင်း သိရသည်။

“လက်ရှိမှာ နယ်မြေထိန်းထားပါတယ်။ စစ်ကောင်စီကလည်း ပြန်တိုက်ယူမယ်ဆိုပြီး စစ်တောင်းမြစ် အနောက်ဖက်ခြမ်းမှာ ပြင်ဆင်နေတာရှိပါတယ်။ ပတ်ဝန်းကျင်ရွာတွေတော့ လေယာဉ်နဲ့ လျှပ်တစ်ပြက် လိုက်ပစ်နေတာရှိသလို ပြည်သူထိခိုက်မှု၊ အိမ်ထိခိုက်မှုတွေရှိနေပါတယ်” ဟု ပဲခူးတိုင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီထံမှ ပွိုင့်-၅ စက်သေနတ်၊ ၇၅ နောက်ပွင့်၊ ၈၁-မမ၊ ၆၀-မမ လက်နက်ကြီးများ၊ လက်နက်မျိုးစုံ ၈၃ လက်၊ ဂျန်မာစက် သုံး လုံး၊ ခဲယမ်းအများအပြား နှင့် ဆက်စက်ပစ္စည်းများကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တပ်ရင်း၊ တပ်ဖွဲ့များ နှင့်အတူ ကရင်အမျိုးသာအစည်းအရုံး(KNU) တပ်မဟာ-၃၊ တပ်ရင်း-၇နှင့် ဒရုန်းအဖွဲ့များ ပူးပေါင်းတိုက်ပွဲ ဝင်ခဲ့ကြခြင်းဖြစ်ကြောင်းလည်း သိရသည်။

ဓာတ်ပုံ – NUG၊ MOD၊ Cloud Wings
#ရွှေကျင် #စစ်ကောင်စီတပ်ရင်း #ခမရ၅၉၈ #သိမ်းပိုက်ရရှိ #တိုက်ပွဲ #PDF #KNLA #Ayeyarwaddy_Times