
(တမူး)၊ဧရာဝတီတိုင်း
မေ ၉ ရက်
စစ်ကိုင်းတိုင်း၊ တမူးမြို့တွင် လူနေထိုင်ခြင်းမရှိသည့် စစ်ဘေးရှောင်နေအိမ်များကို စစ်ကောင်စီတပ်က ယခုရက်ပိုင်းတွင် ဖြိုဖျက်၍ ဘန်ကာများ တည်ဆောက်ခြင်းနှင့် စစ်ရေးအတွက် အသုံးပြုနေကြောင်း ဒေသခံများထံက သိရှိရသည်။
တမူးမြို့သိမ်း တိုက်ပွဲသတင်းများကြောင့်စစ်ကောင်စီတပ်နှင့် ပူးပေါင်းအဖွဲ့တို့သည် မြို့ထဲတွင် ဘန်ကာများ တည်ဆောက်ခြင်း၊ ကတုတ်ကျင်းများနှင့် ဗုံးခိုကျင်းများ တူးထားပြီး ခုခံရန် စစ်ရေးပြင်ဆင်ဆောင်ရွက်နေကြသည်ဟု သိရှိရသည်။
အဆိုပါ ဘန်ကာများ တည်ဆောက်ခြင်းနှင့် ကတုတ်ကျင်းများ၊ ဗုံးခိုကျင်းများ ဆောက်လုပ်ရာတွင် လိုအပ်သည့် သစ်သား၊ ပျဥ်၊ သစ်လုံး၊ သွပ်ပြား တို့ကို စစ်ဘေးရှောင်များ၏ နေအိမ်များကို ဖြိုဖျက်၍ အသုံးပြုနေကြသည်ဟု ဒေသခံများက ပြောသည်။
“တမူး၊ ချောင်းနက်ကြီးရပ်ကွက်ဘက်က စစ်ဘေးရှောင်နေအိမ်တွေက ကုန်သလောက်ဖြစ်နေပါပြီ။ အခု နန်းဖာလုံ ရပ်ကွက်၊ ပြည်တော်သာ ရပ်ကွက်ဘက်က စစ်ဘေးရှောင်နေအိမ်တွေ ထပ်ဖြိုနေပြန်ပြီ။ နေအိမ်တော်တော်များများ ဖြိုချခံရတယ်” ဟု တမူးမြို့ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
တမူးမြို့စစ်ဘေးရှောင်များသည် ယခုနှစ် ၂၀၂၅၊ ဇန်နဝါရီလ နှင့် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်ဖြစ်ပွါးသည့်တိုက်ပွဲကြောင့် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြခြင်းဖြစ်သည်။ ယခုအခါ စစ်ရေးအတွက် အသုံးပြုရန် စစ်ကောင်စီက စစ်ဘေးရှောင်နေအိမ် ၁၀၀ နီးပါး ဖြိုချထားကြောင်း သိရသည်။
ထို့အပြင် စစ်ကောင်စီတပ်သည် ဘန်ကာ၊ကတုတ်ကျင်းနှင့် ဗုံးခိုကျင်းတို့ကို ဆောက်လုပ်ရာတွင် တမူးမြို့ရှိ အရပ်သားပြည်သူ ခြံဝန်းများ၊ အများပြည်သူများနေရာများ၊ ဌာနဆိုင်ရာရုံးများနှင့် အဆောက်အဦးတို့တွင် တည်ဆောက်နေကြခြင်းဖြစ်သည်။
“အချို့နေရာတွေဆို အရပ်သားခြံဝန်းတွေကို မှီပြီး ဘန်ကာတွေဆောက်တယ်။ ဗုံးခိုကျင်းတွေ၊ ကတုတ်ကျင်းတွေ တူးတယ်။ ပြီးတော့ လမ်းဆုံ၊ လမ်းခွတွေမှာလည်း အဲလိုပဲ ဆောက်လုပ်ကြတယ်။ သူတို့တပ်စွဲထားတဲ့နေရာတွေမှာ တစ်ခုတည်းမဟုတ်ဘဲ မြို့နေရာအနှံတွေမှာ ဆောက်လုပ်ကြတယ်” ဟု တမူးမြို့ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
လက်ရှိ တမူးမြို့တွင် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းမရှိသော်လည်း စစ်ကောင်စီတပ်နှင့် ပျူးစောထီး၊ ရှမ်းနီ၊ ကသည်းပူးပေါင်းအဖွဲ့တို့က မြို့အဝင်အထွက်ပြုလုပ်၍ရသည့် နေရာအားလုံးကို ပိတ်ဆို့ထားပြီး တင်းကြပ်ထားသည်ဟု သိရှိရသည်။
တမူးမြို့သိမ်းတိုက်ပွဲအတွက် ဒေသခံတော်လှန်ရေးတပ်ဖွဲ့တို့က ပြီးခဲ့သည့် ဧပြီလ ၂၀ ရက်မှစ၍ စစ်ကောင်စီတပ်ဖွဲ့ထံ ရိက္ခာများ မရောက်ရှိရေးအတွက် ကုန်သွယ်စီးဆင်းမူအားလုံးကို ပိတ်ထားသည်။
#တမူးမြို့ #စစ်ကောင်စီတပ် #စစ်ဘေးရှောင် #နေအိမ်များဖြို၍ #ဘန်ကာများတည်ဆောက် #Ayeyarwaddy_Times