
(ချင်းပြည်)၊ဧရာဝတီတိုင်းမ်
မေ ၈ ရက်
စစ်ကောင်စီတပ်က ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကာလကို မတ် ၆ ရက်နေ့က သက်တမ်း တိုးမြှင့်လိုက်ပြီးနောက် ချင်းပြည်နယ်၊ မင်းတပ်မြို့ကို တစ်ရက်တည်း လေကြောင်း တိုက်ခိုက်မှု နှစ်ကြိမ်ပြုလုပ်သွားကြောင်း ဒေသခံများထံက သိရသည်။
မင်းတပ်မြို့ကို စစ်ကောင်စီတပ်က ယမန်နေ့ မေလ ၇ ရက်နေ့၊ နံနက် ၁ နာရီတွင် တစ်ကြိမ် နှင့် ညနေ ၃ နာရီဝန်းကျင်တွင် တစ်ကြိမ် ဂျက်ဖိုက်တာဖြင့် ပေါင် ၅၀၀ ဗုံးသီးအပါအဝင် လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
“မနက်အစောပိုင် ဗုံးစကြဲတာက ဗုံးသီးနှစ်လုံးနဲ့ မင်းတပ်မြို့အနီးမှာ ကြဲချသွားတာပါ။ ညနေပိုင်းကျတော့ မြို့ထဲမှာ ထပ်ကြဲသွားတာပါ။ ဗုံးအလုံးရေတော့ မသိပေမယ့် ပေါင် ၅၀၀ ဗုံးသီးတွေနဲ့ ကြဲချသွားတာပါ။ မြေကြီးတွေပါ တုန်သွားပြီး အိမ်တွေ မီးလောင်ကုန်တယ်” ဟု မင်းတပ်မြို့ခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ထို့အပြင် ယမန်နေ့ လေကြောင်း တိုက်ခိုက်သည့်အတွက် ဝန်ထမ်းအိမ်ယာများ၊ အစိုးရ အဆောက်အဦးများနှင့် လူနေအိမ်များ မီးလောင် ပျက်စီးခဲ့ပြီး အရပ်သားပြည်သူ အသက်သေဆုံးမှုများလည်းရှိကြောင်း သိရသည်။
“မနေ့ညနေပိုင်းကြဲတဲ့ ဗုံးသီးက မင်းတပ်မြို့ပေါ်က ဝန်ထမ်းအိမ်ယာတွေ၊ အစိုးရ အဆောက်အဦးတွေ၊ နေအိမ်တွေ မီးလောင်ပျက်စီးသွားတယ်။ ပြီးတော့ လူထိခိုက်သေဆုံးမှုလည်းရှိတယ်။ အသေးစိတ်တော့ လောဆယ် မသိရသေးဘူး။ မိခင်နှင့် ကလေးစောင့်ရှောက်ရေးရုံး နားတစ်ဝိုက်က အိမ်တွေ မီးလောင်နေတယ်” မင်းတပ်မြို့ခံက ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီတပ်က ပစ်ခတ်တိုက်ခိုက်မူရပ်စဲရေး ကြေညာထားသည် ကာလ ပြီးခဲ့သည့် ဧပြီလ ၁၆ ရက်နေ့ကလည်း မင်းတပ်မြို့၊ မြန်မာ့စီးပွားရေးဘဏ်အနီးတဝိုက်ကို ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် နေအိမ်များ မီးလောင်ပျက်စီးခဲ့သည်။
#စစ်ကောင်စီတပ် #အပစ်ရပ်စဲရေးသက်တမ်းတိုး #မင်းတပ်
မြို့ #လေကြောင်းတိုက်ခိုက် #Ayeyarwaddy_Times