
ပုသိမ်မြို့ အမှတ်(၄) ရပ်ကွက်က မီတာခပေးဆောင်ခြင်းမရှိသည့် နေအိမ်အလုံး ၂၀ ခန့် လျှပ်စစ်မီးဖြတ်တောက်ခံရ
ဧရာဝတီတိုင်းမ်
သြဂုတ်လ ၂၆ ရက်
ဧရာဝတီတိုင်း၊ ပုသိမ်မြို့ပေါ်ရပ်ကွက်တစ်ခုဖြစ်သည့် အမှတ်(၄) ရပ်ကွက်မှ နေအိမ်အလုံး ၂၀ ခန့်မှာ စစ်ကောင်စီလက်အောက်ခံ EPC ရုံးသို့ မီတာခပေးဆောင်ခြင်းမရှိသည့်အတွက် လျှပ်စစ်မီးဖြတ်တောက်ခံထားရခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
စစ်ကောင်စီလက်အောက်ခံ ပုသိမ်မြို့ခံ လျှပ်စစ်ရုံးဝန်ထမ်းများက သြဂုတ်လနောက်ဆုံးပတ်အတွင်း အမှတ်(၄) ရပ်ကွက်မှ နေအိမ်အလုံး ၂၀ ခန့်မှ လျှပ်စစ်ဓာတ်ကြိုးများလိုက်လံဖြတ်တောက်ခဲ့ခြင်းဖြစ်ကြောင်း ပုသိမ်မြို့ခံအချို့ထံမှ သိရသည်။
” လူကြည့်တော့ လူငယ်တွေပဲ။ အရင်ကဝန်ထမ်းတွေက CDM လုပ်ထားတယ်လေ။ လူသစ်တွေခန့်ထားတာ။ အသက်က၂၀ ကျော်ပဲရှိမယ်။ အိမ်၂၀ လောက်ရှိမယ်။ မီးကြိုးတွေလိုက်ဖြတ်နေတာ။ မနက်လာဆောင်ပါ့မယ်လို့တောင်းပန်လည်းမရဘူး ဖြတ်သွားကြတာ။ ညဘက်တွေလည်း လိုက်ဖြတ်နေတာ”ဟု ပုသိမ်မြို့ခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
လျှပ်စစ်မီး လိုက်လံဖြတ်တောက်သည့် EPC ရုံးဝန်ထမ်းများမှာ ရိုင်းစိုင်းစွာပြောဆိုဆက်ဆံမှုများပြုလုပ်ခဲ့သည့်အပြင် နေ့အချိန်တွင်သာမက ညအချိန်များတွင်ပါလိုက်လံဖြတ်တောက်နေခြင်းဖြစ်ကြောင်း မျက်မြင်တွေ့ရှိခဲ့သူအချို့က ဆိုသည်။
” မီးလိုက်ဖြတ်ဖို့ လူမိုက်တွေငှားထားတာလို့တောင်ထင်ရတယ်။ လူကြီးတွေက မနက်ဆောင်ပါမယ်လို့ တောင်းတောင်းပန်ပန်ပြောဆိုနေတာတောင်မရဘူး။ တချို့အိမ်ခန်းတွေက မီးလိုင်းက အပေါ်ထပ်နဲ့အောက်ထပ်က တဆက်တည်းတွေဆိုတော့ အပေါ်ကိုဖြတ်တာနဲ့ အောက်ထပ်ပါမလာတော့တာ။ ဒီနေ့နဲ့ဆိုနှစ်ရက်ရှိပြီ” ဟု ပုသိမ်မြို့ခံတစ်ဦးက
ဧရာဝတီတိုင်းမ်ကိုပြောသည်
ပြီးခဲ့သည့် မေလအတွင်းကလည်း ပုသိမ်မြို့ပေါ်ရပ်ကွက်များဖြစ်သည့် အမှတ်(၁)၊ (၂)၊(၃)နှင့် (၅) ရပ်ကွက်များမှ မီတာခ ကြွေးကျန် ၃ သိန်းနှင့် အထက်နေအိမ်များအား လျှပ်စစ်မီး လိုက်လံဖြတ်တောက်ခဲ့သေးကြောင်း ဒေသခံများ၏ပြောဆိုချက်များအရ သိရသည်။
#ပုသိမ် #အမှတ်(၄)ရပ်ကွက် #မီတာခ #လျှပ်စစ်မီး #ဖြတ်တောက်ခံရ
#Ayeyarwaddy_Times