
(မတူပီ)၊ ဧရာဝတီတိုင်းမ်
ဧပြီ ၁၈ရက်
ချင်းညီနောင်ထိန်းချုပ်ထားသည့် မတူပီမြို့တွင် စစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခိုက်၍ ပါစတာတစ်ဦးအပါအဝင် အရပ်သား ငါးဦး ပြင်းထန်ဒဏ်ရာရရရှိပြီး လူနေအိမ်တချို့ ပျက်စီးသွားကြောင်း ဒေသခံများထံက သိရှိရသည်။
ယမန်နေ့ ဧပြီ ၁၇ ရက်နေ့၊ မွဲလွန်း နှစ်နာရီဝန်းတွင် မတူပီမြို့ရှိ နှစ်နေရာတွင် စစ်ကောင်စီက ဂျက်ဖိုက်တာနှင့် အကြောင်းမဲ့ လေကြောင်း ဗုံးကြဲ တိုက်ခိုက်သည့်အတွက် အရပ်သားပြည်သူများ ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။
“မြို့ထဲမှာ တစ်ကြိမ်၊ မြို့ပြင်မှာ တစ်ကြိမ်၊ စုစုပေါင်း ဗုံးသီး သုံးလုံးနဲ့ နှစ်ကြိမ်ကြဲသွားပါတယ်။ ပါစတာတို့ အိမ်အနားမှာ ကျတဲ့ဗုံးသီးကြောင့် ပါစတာ မိသားစုဝင် သုံးဦးပြင်းထန်ဒဏ်ရာရတယ်။ ပါစတာကျတော့ ခြေတစ်ဖက်ပြတ်သွားပါတယ်။ နောက်ထပ်ပြည်သူနှစ်ယောက်ကလည်း ဒဏ်ရာရတယ်” ဟု မတူပီိမြို့ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ပြင်းထန်ဒဏ်ရာရသည့် ပါစတာမိသားစုအပါအဝင် လေးဦးသည် အရေးပေါ် ဆေးကုသမှုခံယူနေရပြီး ၎င်းတို့သည် အသက်အန္တရယ် စိုးရိမ်နေရပြီး လေကြောင်း တိုက်ခိုက်ခံရသည့်အတွက် ဘုရားကျောင်းအပါအဝင် လူနေအိမ်တချို့လည်း ပျက်စီးသွားကြောင်း သိရသည်။
ချင်းညီနောင်ထိန်းချုပ်ထားသည့်မြို့တွင် တိုက်ပွဲများ မရှိတော့သည့်အတွက် အရပ်သားများ ပြန်လည်နေထိုင်ကြသော်လည်း စစ်ကောင်စီ၏ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်နေသည့်အတွက် စိုးရိမ်နေကြရဆဲဖြစ်သည်။
“မတူပီမြို့ဆို သိမ်းတာကြာပြီ။ တစ်နှစ်ပြည့်တော့မယ်။ တိုက်ပွဲကလည်း မရှိတော့ဘူး။ ဒီလိုအခြေအနေမျိုးမှာ ပြည်သူတွေက ကိုယ့်အိမ်မှာပြန်လာနေကြတယ်။ အေးဆေးနေချင်ကြတယ်။ ဒါကို စစ်ကောင်စီက လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုတွေ ပြုလုပ်နေသေးတယ်။ အခုရက်ပိုင်းဆို မတူပီမှာ လေယာဥ်တွေ ခဏခဏ လာနေတယ်” ဟု မတူပီမြို့ခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
မတူပီမြို့ကို ၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၉ ရက်နေ့တွင် ချင်းညီနောင်နှင့်မဟာမိတ်ပူးပေါင်းတပ်တို့က သိမ်းပိုက်ရရှိပြီး လာမည့် ဇွန်လတွင် မတူပီမြို့သိမ်း တစ်နှစ်ပြည့်တော့မည်ဖြစ်သည်။
#မတူပီမြို့ #စစ်ကောင်စီ #လေကြောင်းတိုက်ခိုက် #ပါစတာအပါအဝင်၅ ဦး #ပြင်းထန်ဒဏ်ရာရ #Ayeyarwaddy_Times