နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဧပြီ ၄ ရက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ညောင်ရွှေမြို့၊ အင်းလေးဒေသတွင် အင်အားပြင်း ငလျင်လှုပ်ခတ်ပြီးနောက် တောမီးကြောင့် ခရိုနီတစ်ဦးဖြစ်သည့် ဦးတေဇပိုင် ဟိုတယ်တစ်လုံး မီးလောင်ဆုံးရှုံးသွားကြောင်း ဒေသခံ များထံမှ သိရသည်။

အင်းလေးဒေသတွင် နာမည်ကြီးဟိုတယ်ဖြစ်သော စီးပွားရေးလုပ်ငန်းရှင် ဦးတေဇပိုင် Myanmar Treasure Hotel သည် ယမန်နေ့ ဧပြီ ၃ ရက်၊ နေ့လယ်ပိုင်းမှ စတင်၍ တစ်နာရီနီးပါး မီးလောင်ခဲ့ ကြောင်း သိရသည်။

“ဒီကာလက ယာသိမ်းရာသီပေါ့။ တောင်ယာမီးရှို့ရင်း ကူးစက်တာပြောတယ်။ တောမီးလောင်တာပေါ့။ တစ်နာရီနီးပါးလောက် ကြာတယ်။ အခန်းအားလုံး ပါသွားတယ်ပြောတယ်” ဟု အင်းလေးဒေသခံ တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ယင်းဟိုတယ်သည် အခန်းပေါင်း ရာကျော်ရှိပြီး ယာယီပိတ်ထား၍ ပြင်ဆင်နေစဥ်မှာ ထိုသို့တောမီးမှ တစ်ဆင့် ကူးစက်လောင်ခြင်း ဖြစ်ပြီး လူထိခိုက်၊ သေဆုံးမှုကို ကြားမိခြင်းမရှိကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

ထို့အတူ ယမန်နှစ်တုန်းကလည်း မီးပုံးပျံ ပျက်ရာမှ အင်းလေးဒေသရှိ နာမည်ကြီး ဟိုတယ်ဖြစ်သော Inle Princess Hotel မီးလောင်ကျွမ်းခဲ့ပြီး ပျက်စီးဆုံးရှုံးမှု များပြားခဲ့သည်ဟု သတင်းများအရ သိရသည်။

အဆိုပါ အင်းလေးဒေသသည် ပြီးခဲ့သော ရာဂီမုန်တိုင်းကြောင့် ထိခိုက်သေဆုံးမှုများ ရှိခဲ့သလို ယခုနှစ်၊ မတ် ၂၈ ရက်က လှုပ်ခတ်သွားသော အင်အားပြင်း ငလျင်ကြောင့်လည်း အိမ်ခြေ ၂၀၀၀ ကျော် ပျက်စီး၍ လူ ၈၉ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

ထိုသေဆုံးသူ ၈၉ ဦးထဲတွင် မွေးကင်းစကလေး၊ မသန်စွမ်း၊ အသက် ၁၈ နှစ်အောက်နှင့် သက်ကြီးပိုင်းများ ပါဝင်ပြီး လက်ရှိအချိန်ထိ အလောင်းများအားလုံး ဆယ်ယူ၍မရဘဲ ရေအောက်မြုပ် သွားမှုများ ရှိသေးနေကာ အရေးပေါ် အကူအညီများ လိုအပ်ကြောင်း ဒေသခံများထံမှ သိရသည်။

ဓာတ်ပုံ- လူမှုကွန်ရက်
#ငလျင်ဒဏ်သင့် #အင်းလေး #တောမီး #ဦးတေဇပိုင် #ဟိုတယ်မီးလောင် #Ayeyarwaddy_Times