
ဇွန်လပထမအပတ်အတွင်း စစ်ခေါင်းဆောင်မင်းအောင်လှိုင် ဒလမြို့နယ်စီမံကိန်းတခုကိုလာရောက်စဥ်
ဧရာဝတီတိုင်းမ်
ဇွန်လ ၂၈ ရက်
အာဏာသိမ်းစစ်ခေါင်းဆောင် ပုဂံမြို့ကိုလာရောက်မည်ခရီးစဉ်ကြောင့် ဇွန်လနောက်ဆုံးအပတ်က စတင်ပြီး စစ်ကောင်စီတပ်သားနဲ့ ရဲလုံခြုံရေးအင်အား ၁၀၀၀ ကျော်လောက်ချကာ ကြိုတင်လုံခြုံရေးယူခိုင်းထားတယ်လို့ သိရပါတယ်။ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ ပုဂံမြို့ကို ဇူလိုင်လ ပထမပတ်အတွင်းမှာ လာရောက်ဖို့ရှိနေတာဖြစ်ပြီး လုံခြုံ ရေးအတွက် စစ်ကောင်စီတပ်နဲ့ ရဲတွေကိုတော့ ဇွန်လနောက်ဆုံးအပတ်မှာထဲက ကြိုတင်ချထားတာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
တမြို့လုံး ရဲနဲ့ စစ်သားတွေပဲ ဒေသခံတွေတောင် အပြင်မထွက်ရဲသလောက်ဖြစ်နေတယ် နေရာတိုင်း တွေ့နေရတယ် ခြေရှုပ်နေကြတာနေ့တိုင်းလိုလိုပဲလို့ ဒေသခံတဦးက ပြောပါတယ်။ စစ်ခေါင်းဆောင် မင်းအောင်လှိုင် လာရောက်မည့် ခရီး စဉ်ကြောင့် ပုဂံမြို့ပေါ် လူစည်းကားတဲ့နေရာတွေ နန်းတွင်း၊ညောင်ဦးမြို့နဲ့ ဧရာဝတီမြစ်အတွင်း ရေကြောင်းအထိ လုံခြုံရေးအင်အား ၁၀၀၀ ကျော် အသုံးပြုထားတယ်လို့ ဆိုပါတယ်။
ဇွန်လနောက်ဆုံးပတ်က စတင်ပြီး ပုဂံမြို့ဟောင်းဘက်မှာရှိတဲ့ နှစ်လမ်းသွားတလျှောက် လမ်းဘေး ပလက် ဖောင်းတွေနဲ့ သစ်ပင်တွေခြံစည်းရိုးတွေကိုထုံးသုတ်ခိုင်းတာတွေ လည်း စစ်ကောင်စီလက်အောက်ခံဝန်ထမ်း တွေက ဒေသ ခံတွေကို ခိုင်းစေထားတယ်လို့ သိရပါတယ်။