ဧရာဝတီတိုင်းမ်
မတ် ၂၅ ရက်

ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော် (AA) ပူးပေါင်း PDF တို့တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့်ရမ်းသန်းပစ်ခတ်၍ အမျိုးသမီးတစ်ဦး သေဆုံးပြီး အဘိုးအိုတစ်ဦး လက်ချောင်း သုံးချောင်းပြတ်သွားကြောင်း ဒေသခံများထံမှ သိရသည်။

ရွာသစ်ကြီးအုပ်စု၊ သတ်တိကုန်း၊ မန်ကျည်းကုန်း ကျေးရွာများတွင်ယမန်နေ့ မတ် ၂၄ ရက်နေ့ မွန်းလွဲ ၂ နာရီဝန်းကျင်တွင် စစ်ကောင်စီတပ်နှင့် AA ၊ PDFပူးပေါင်းတပ်ဖွဲ့များ တိုက်ပွဲအပြင်းအထန် ဖြစ်ပွား လျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီက လက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့် သေဆုံးခဲ့သူ အမျိုးသမီးနှင့် လက်ချောင်း သုံးချောင်း ပြတ်ခဲ့သူ အဘိုးတို့မှာ ရေကြည်မြို့နယ် မန်ကျည်းကုန်းကျေးရွာမှဖြစ်ကြောင်း ဒေသခံများက ဆိုသည်။

“အမျိုးသမီးတစ်ဦးကတော့သေတယ်။ အဘိုးတစ်ယောက် ဒဏ်ရာရတယ်။ လက်နက်ကြီးတွေနဲ့ ရမ်းသန်းပစ်တော့ထွက် ပြေးကြရတာ။ တချို့ဆိုရင် မိသားစုတွေ တစ်ကွဲတစ်ပြားဖြစ်ကုန်ပြီ။ ကလေး တွေနဲ့မိဘတွေ ကွဲကုန်တာတွေလည်းရှိပါတယ်” ဟု ရေကြည်မြို့နယ် ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ် ကိုပြောသည်။

လက်ရှိ သတ်တိကုန်းကျေးရွာ၊ မန်ကျည်းကုန်းကျေးရွာ၊ ဂွေးပင်ဒေါင့်၊ သရက်ပင်ကြီးစုကျေးရွာများတွင် ဒေသခံပြည်သူ ၃၀၀ ဝန်းကျင်ပိတ်မိနေကြောင်း ဒေသခံများထံမှ သိရသည်။

ထို့ပြင် ရေကြည်အခြေစိုက် စစ်ကောင်စီ၏ မြောက်စမ်းအမြောက်တပ် ၃၄၄ မှနေ၍ ရမ်းသန်း ပစ်ခတ် မှုများ ဆက်တိုက်ပြုလုပ်နေမှုကြောင့် ကျေးရွာများအနီးသို့ လက်နက်ကြီးကျည်ဆံများ ကျရောက် ပေါက်ကွဲနေပြီး စစ်ရှောင်ရန်ကျန်ရှိနေသည့် ဒေသခံများမှာ စိုးရိမ်လျက်ရှိကြောင်း သိရသည်။

ဧရာဝတီတိုင်းအတွင်းရှိ ရေကြည်မြို့နယ်နှင့် လေးမျက်နှာမြို့နယ်များတွင် ယခုမတ်လမှ စတင်၍ စစ်မျက်နှာပြင်ကျယ်ပြန့်လာသလို AA နှင့် ပူးပေါင်း PDFတို့၏ ထိုးစစ်ဆင် တိုက်ခိုက်လာမှုကြောင့် စစ်ကောင်စီတပ်အနေဖြင့် ခံစစ်ပြင်ကာ ခုခံကာကွယ် နေရကြောင်း သိရသည်။

#ရေကြည်တိုက်ပွဲ #စစ်ကောင်စီတပ် #လက်နက်ကြီးပစ်ခတ် #အမျိုးသမီးသေဆုံး #အဘိုးအို #လက်ချောင်း #သုံးချောင်းပြတ် #Ayeyarwaddy_Times