
ဧရာဝတီတိုင်းမ်
မတ် ၂၀ ရက်
စစ်ကောင်စီသည် အလုပ်သမားအခွင့်အရေး၊ လူ့အခွင့်အရေးများကိုချိုးဖောက်၍ အဓမ္မလုပ်အား ခိုင်းစေမှုများလုပ်ဆောင်သဖြင့် အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ (ILO) ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ (၃၃) (ILO Constitution Article-33) ဖြင့် အရေးယူဆောင် ရွက်ရန် ဆုံးဖြတ်ချက်ခဲ့ပြီး ထို့သို့ ဆုံးဖြတ်ချက်ချမှုအပေါ် မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် (CTUM) က ထောက်ခံကြောင်း ယနေ့ မတ် ၂၀ တွင် ထုတ်ပြန်သည်။
ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့တွင် မတ် ၁၀ ရက်မှ ၂၀ ရက်နေ့အထိ ကျင်းပသည့် အပြည်ပြည် ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ ( ILO) ၏ ၃၅၆ ကြိမ်မြောက် အုပ်ချုပ်ရေးအဖွဲ့ (Governing) အစည်းအဝေးတွင် စစ်ကောင်စီကို Artical 33 အရ မည်ကဲ့သို့အရေးယူဆောင်ရွက်မည် ဆိုသည်ကို ယမန်နေ့က ဆုံးဖြတ်ချက်ချခဲ့ကြောင်း သိရသည်။
ILO Artical 33 အရအရေးယူရာတွင် ပြစ်မှာကျူးလွန်သည့် နိုင်ငံရှိ ILO အဖွဲ့ဝင်နိုင်ငံများ၏ ရင်းနှီး မြှုပ်နှံမှုများရပ်ဆိုင်းခံရခြင်း၊ အလုံးစုံအရေးယူခံရခြင်းနှင့် ကျူးလွန်သူကို အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) ထံ ခုံရုံးတင်စစ်ဆေး အရေးယူခံရခြင်းများပါဝင်ကြောင်းသိရသည်။
ထိုသို့ Article 33 အရ အရေးယူဆောင်ရွက်ရန် ဆုံးဖြတ်ချက် ချမှတ်နိုင်ရေးဆိုင်ရာ လှုပ်ရှားမှု ကမ်ပိန်းများတွင် ပြည်တွင်းပြည်ပရှိ မိတ်ဖက်အဖွဲ့အစည်းများ၊ ဒေသခံတောင်သူလယ်သမားနှင့် အလုပ်သမား ပြည်သူများ၊ တော်လှန်ရေးအင်အားစုများနှင့် လူပုဂ္ဂိုလ်များကိုကျေးဇူးတင်ကြောင်း CTUM က ဆိုထားသည်။
စစ်ကောင်စီ၏ အာဏာသိမ်းမှုကြောင့် စီးပွားရေးကျဆင်းကာ အလုပ်အကိုင်ရှားပါးနေပြီး လုပ်အား အများအပြားသုံးရသည် အထည်ချုပ်စက်ရုံများပိတ်သိမ်းခံရပါက စီးပွားရေးကျပ်တည်းမှုမှာ ပိုမိုဆိုးရွားလာနိုင်ကြောင်း စီးပွားရေးလုပ်ကိုင်သူ အချို့ထံက သိရသည်။
“အလုပ်သမား လူတန်းစားတွေအတွက် EU က စီးပွားရေးဘက်ကို ဆန်ရှင်မလုပ်ထားဘူး။ အခွန် လျော့တာတွေ ဆက်ပေးနေတယ်။ တချို့အကူအညီပေးနေတယ်။ ILO အဖွဲ့ဝင်နိုင်ငံတွေထဲ EU နိုင်ငံတွေပါတယ်။ အခု Artical 33 အရဘယ် လောက် ပြစ်ဒဏ်ချမလဲပေါ့” ဟု စီးပွားရေး လုပ်ကိုင်သူတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
လက်ရှိပြည်တွင်းတွင် လက်ခစားစနစ်အထည်ချုပ်( CMP) အဝတ်အထည်များသည် ဥရောပသဂ္ဂ (EU) နိုင်ငံများထံအများဆုံးပို့ဆောင်ရခြင်းဖြစ်ပြီး CTUM အနေဖြင့် အလုပ်သမားအပါအဝင် ပြည်သူလူထုကို မတရားဖိနှိပ်ဖမ်းဆီးကာ အသက်ဆုံးရသည့်အထိပြုမူနေသော စစ်ကောင်စီကျဆုံးရေးနှင့် စစ်အာဏာ ရှင်စနစ် အမြစ်ပြတ်ရေးဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။
ILO သည် စစ်ကောင်စီကို အစိုးရအဖြစ်အသိမှတ်မပြုဘဲ နည်းပညာ၊ ငွေကြေးကူညီပံ့ပိုးမှုများ ရပ်ဆိုင်းထားကြောင်း သိရပြီး ၂၀၂၁ ခုနှစ် ဇွန်လတွင်ကျင်းပသည့် ၁၀၉ ကြိမ်မြောက် အပြည်ပြည် ဆိုင်ရာအလုပ်သမားညီလာခံမှစတင်ကာ မြန်မာ နိုင်ငံ ကိုယ်စားပြုတက်ရောက်ရန် ပိတ်ပင်ထားသည်။
ILO သည် မြန်မာနိုင်ငံကို ပြီးခဲ့သည့် ၂၀၀၀ ခုနှစ် စစ်တပ် ဦးဆောင်သည့် စစ်အစိုးရလက်ထက်ကလည်း Article 33 ဖြင့်ပင် ပထမဆုံးအကြိမ် အရေးယူခဲ့သည်။
ဓာတ်ပုံ – CTUM
#အလုပ်သမားအရေး #ILO #Artical33 #စစ်ကောင်စီ #ပြစ်ဒဏ်ခံရ #အထည်ချုပ်စက်ရုံ #Ayeyarwaddy_Times