
ဧရာဝတီတိုင်းမ်
မတ် ၂၀ ရက်
တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေသည့် လေးမျက်နှာမြို့နယ်နှင့် သာပေါင်းမြို့နယ်တို့မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ သေဆုံးအလောင်းများကို ဖောကားတစ်စီးနှင့်အပြည့် သယ်လာပြီး မီးသင်္ဂြိုဟ်နေရကြောင်း သိရသည်။
ဧရာဝတီတိုင်း၊ အင်္ဂပူမြို့နယ်၊ ကွင်းကောက်ဒေသ၊ ဘွက်ကျေးရွာအုပ်စု ပုသိမ်-မုံရွာလမ်းမကြီးဘေးရှိ အုတ်တွင်းကျေးရွာ၏ မီးသင်္ဂြိုဟ်စက်တွင် ယမန်နေ့ မတ် ၁၉ ရက်နေ့ ညနေ ၃ နာရီခန့်က စစ်ကောင်စီတပ်ဖွဲ့ဝင်အလောင်းများကို သင်္ဂြိုဟ်ခဲ့ကြောင်း သိရသည်။
“လေးမျက်နှာမြို့နယ်တိုက်ပွဲကနေ စစ်သားအလောင်းတွေကို စစ်ကားတစ်စီးနဲ့သယ်လာပြီး မီးသင်္ဂြိုဟ်နေတာတွေ့တယ်ခင်ဗျ။ ကားတစ်စီးလုံးအပြည့်ပဲ။ တစ်နေ့ထဲ သင်္ဂြိုဟ်လို့တောင် မပြီးလောက်ဘူး” ဟု အင်္ဂပူဒေသခံတစ်ဦးက ဧရာဝ တီတိုင်းမ်ကို ပြောသည်။
လေးမျက်နှာမြို့နယ်ရှိ ချင်းလယ်နှင့် စက်စက်ယိုကျေးရွာအနီးတို့တွင် တိုက်ပွဲများဖြစ်ပွားနေပြီး ငါးသိုင်းချောင်းတွင်လည်း အမြောက်တပ် ၃၄၄ ၏ ကာကင်းစခန်းများဖြစ်သည့် သီဟိုကင်းစခန်း၊ ကျားတက်နှင့် ကျွဲတလင်းစခန်းတို့တွင်လည်း လက်နက် ကြီး၊ လက်နက်ငယ်များဖြင့် အပြန် အလှန်ပစ်ခတ်ပြီး တိုက်ပွဲပြင်းထန်နေကြောင်း သိရသည်။
စစ်ကောင်စီက လေကြောင်းမှ အဆက်မပြတ်ပျံသန်းပြီး ဗုံးကြဲတိုက်ခိုက်နေကာ စစ်ဆေးရေးဂိတ်များတွင်လည်း စစ်ဆေးမှုတင်းကျပ်နေကြောင်း သိရသည်။
အလားတူ အမှတ်(၅)တပ်မတော်တန်းမြင့်သင်တန်းကျောင်း (တတက-၅) မှ အရာရှိတစ်ဦး ဧရာဝတီနှင့်ရခိုင်အစပ် တိုက်ပွဲတွင် သေဆုံးသွားသဖြင့် ယမန်နေ့ မတ် ၁၉ ရက် နံနက်ပိုင်း ၈ နာရီ ၃၀ မိနစ်တွင် သင်တန်း ကျောင်းအနီး ရခိုင်ကုန်းကျေးရွာ သုဿာန်တွင် သင်္ဂြိုဟ်ခဲ့ကြောင်း ဒေသ ခံများထံမှ သိရသည်။
ထို့အပြင် လေးမျက်နှာမြို့နယ်၊ ချင်းလယ်ကျေးရွာနှင့် စက်စက်ယိုကျေးရွာတို့တွင် တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက ဒဏ်ရာရတပ်ဖွဲ့ဝင်များကို ပုသိမ်သို့ အရေးပေါ်ပို့ဆောင်ရာ လမ်း တွင်ပင် သေဆုံးခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ- သတင်းအထူးတပ်ဖွဲ့-ပုသိမ်
#ဧရာဝတီတိုင်း #လေးမျက်နှာ #သာပေါင်း #စစ်ကောင်စီ #တပ်ဖွဲ့ဝင် #သေဆုံးအလောင်း #မီးသင်္ဂြိုဟ် #Ayeyarwaddy_Times