
(ဖလမ်း)၊ဧရာဝတီတိုင်းမ်
မတ် ၁၄ ရက်
ချင်းပြည်နယ်၊ ဖလမ်းမြို့တွင် စစ်ကောင်စီတပ်က ပြန်လည်ထိုးစစ်ဆင်နေသည့်အတွက် တိုက်ပွဲပြင်းထန်နေကြောင်း ချင်းအမျိုးသားကာကွယ်ရေးတပ်(CNDF)တာဝန်ရှိသူထံက သိရသည်။
ဖလမ်းမြို့တွင် သိမ်းပိုက်ရန် ကျန်ရှိနေသေးသည့် စစ်ကောင်စီတပ်၏ ခလရ ၂၆၈ တပ်ရင်းကုန်းနှင့် အနီးစပ်ဆုံးရှိ စစ်ရေးအရအရေးပါသည့် ဆေးရုံကုန်းနှင့် RC ကုန်းကို စစ်ကောင်စီတပ်က ပြန်ရရှိရေးအတွက် မတ်လ ၁၂ ရက်နေ့၊ မနက် ၅ နာရီခန့်တွင် ထိုးစစ်ဆင်လာကြောင်း သိရသည်။
” ကျွန်တော်တို့မှာ အရေးကြီးတဲ့ ဖလမ်းမှာ ကုန်းဆိုလို့ရှိရင်ဆေးရုံကုန်းနဲ့ RC ကုန်းရှိတယ်။ အဲ့နေရာကို ၂၀၂၄ ကတည်းက ကျတော်တို့ နေရာသိမ်းယူထားပြီးသားဖြစ်တယ်။ အဲဒီကုန်းနှစ်ကုန်းက ခလရ ၂၆၈ တပ်ကုန်းနဲ့ အတော်လေးနီးတယ်။ အဲဒါကိုသူတို့ဘက်ကလည်း ယူနိုင်ဖို့ကြိုးစားတယ်။ သူတို့ဘက်က ထိုးစစ်ဆင်ဖို့ကြိုးစားတယ်။ ဒါပေမယ့် ကျွန်တော်တို့က တားဆီးတဲ့နေရာမှာရှိတယ်” ဟု CNDF ပြောခွင့်ရ ဆလိုင်းတင်မီထွဋ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
အဆိုပါ တိုက်ပွဲဖြစ်ပွားသည်နေရာများကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာ၊ Y-12 နှင့်Y-8 လေယာဥ်တို့ကို အသုံးပြု၍ လေကြောင်း ဗုံးကြဲ တိုက်ခိုက်မှု အကြိမ် ၂၀ ထက်မနည်း ပြုလုပ်ခဲ့ကြောင်း သိရသည်။
“လေကြောင်း တိုက်ခိုက်မှုက တောက်လျောက်လုပ်တယ်။ မနေ့ကဆိုအခေါက်ပေါင်း၂၀ လောက်ရှိမယ်။ လေကြောင်းပစ်ခတ်မှုတော့ တော်တော်လေးများတယ်။ နောက်ပြီးတော့ ကျနော်တို့ဘက်ကနေ အရှင်ဖမ်းထားတဲ့ စစ်သားတွေလည်းရှိတယ်။သိမ်းမိတဲ့ လက်နက်တွေလည်းရှိပါတယ်။ တိုက်ပွဲကတော့ ဆက်လက်ပြီးပြင်းထန်တဲ့အခြေအနေမှာရှိမယ်” ဟု ဆလိုင်းတင်မီထွဋ်က ပြောသည်။
ဖလမ်းမြို့သိမ်းတိုက်ပွဲကို ချင်းညီနောင်စစ်ဆင်ရေးအဖြစ် ချင်းညီနောင်နှင့် မဟာမိတ်ပူးပေါင်းတပ်တို့က ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၉ ရက်နေ့တွင် စတင်ထိုးစစ်ဆင်တိုက်ခဲ့ပြီး ယနေ့ထိ တိုက်ပွဲပြင်းထန်နေဆဲဖြစ်သည်။
#စစ်ကောင်စီတပ် #ပြန်လည်ထိုးစစ်ဆင် #ဖလမ်းမြို့ #တိုက်ပွဲပြင်းထန် #Ayeyarwaddy_Times