ဧရာဝတီတိုင်းမ်
မတ် ၁၀ ရက်

ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်ရှိ စစ်ကောင်စီ၏ ညောင်ကျိုးတပ်စခန်းတွင် တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက ကပစစက်ရုံများအတွက် စိုးရိမ်သည့်အတွက် ကပစ ၆ သို့ အင်အား ၆၀၀ ကျော် ထပ်ပို့ထားကြောင်း တပ်သတင်းရင်းမြစ်များထံက သိရသည်။

ညောင်ကျိုးစခန်းကျသွားပါက ကပစစက်ရုံများသို့ စစ်ရေးရောက်လာမည်ကို စစ်ကောင်စီက အထူးစိုးရိမ်နေပြီး အမှတ်စဉ် ၈ စစ်သင်တန်းမှ သင်တန်းသားသစ်များကို ကပစ ၆ အတွင်းသို့ အင်အားအလုံး အရင်းဖြင့် ပို့ဆောင်ခဲ့ခြင်းဖြစ်သည်။

အဆိုပါတပ်အင်အားများအတွက် စစ်ကောင်စီက ရိက္ခာလုံလောက်အောင်မပေးသည့်အတွက် အုပ်ချုပ်ရေးမှူးမှ ဦးဆောင်ကာ ပြည်သူလူထုထံမှ ထမင်းထုပ်များတောင်းယူပြီး ပို့နေကြောင်း ဒေသခံများထံက သိရသည်။

” ငါးနီတူခြောက် သုံးကောင်နဲ့ ထမင်းစားနေရတယ်ဆိုပြီး အုပ်ကြီးက ဦးဆောင်ပြီး ထမင်းထုပ်တွေ ပို့ခိုင်းတာ။ လာမပို့တဲ့အိမ်တွေကို သူကိုယ်တိုင် လိုက်ကောက်တယ်။ တအားတက်ကြွနေတာဗျာ”ဟု ဒေသခံ သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

ညောင်ကျိုးတိုက်ပွဲအတွင်းသို့လည်း မှော်ဘီတပ်ရင်း သုံးခုမှ စစ်ကောင်စီအင်အားရာချီ၍ ပို့ဆောင်ထားပြီး လမ်းပိုင်းလုံခြုံရေးများပါ ယူခိုင်းထားကြောင်း သိရသည်။

စစ်ကောင်စီက ညောင်ကျိုးကို ရိက္ခာပို့ဆောင်နိုင်ခြင်းမရှိတော့ဘဲ ဥသျှစ်ပင်မြို့တွင်းမှ ဒေသခံများကို အသားဟင်းများဖြင့် ထမင်းထုပ်များ နေ့စဉ်ပို့ပေးရန် ညွှန်ကြားနေကြောင်း ဒေသခံများက ဆိုသည်။

ဥသျှစ်ပင်ရှိ ပြည်တော်သာရပ်ကွက်၊ ရတနာပုံနှင့် ရွှေပင်ရပ်ကွက်တို့ရှိ ဒေသခံများထံမှ တစ်အိမ်လျှင် ထမင်းထုပ်တစ်ထုပ်နှုန်းဖြင့် အလှည့်ကျပို့ဆောင်ရကြောင်း သိရသည်။

ပြည်တော်သာရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးအောင်ကိုထံ ဒေသခံများက ထမင်းထုပ်သွားပို့ထားရပြီး အုပ် ချုပ်ရေးမှူးက စစ်ကောင်စီနှင့် ဆက်သွယ်ပြီးရိက္ခာပို့နေကြောင်း ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် မတ် ၆ ရက်နေ့မှစတင်ကာ ညောင်ကျိုးစခန်းသို့ ဒေသခံများမှ စုပေါင်းပြီး အလှည့်ကျ ထမင်းထုပ်ပို့ဆောင်နေရခြင်း ဖြစ်သည်။

ပုံစာ -ပြည်သူများက စစ်ကောင်စီတပ်သားများအတွက် ပေးပို့သည့်ရိက္ခာများဟု ဝါဒဖြန့်ချန်နယ် များတွင် ဖော်ပြ

#ပြည် #ပန်းတောင်း #ညောင်ကျိုး #စစ်ကောင်စီတပ် #ငါးနီတူခြောက် #သုံးကောင် #ပြည်သူ #ထမင်းထုပ် #ပို့ခိုင်း
#Ayeyarwaddy_Times